Tuesday, November 17, 2009

လရောင်

ဆက်ဖတ်ပါဦး....

Friday, March 21, 2008

ကလိင်္ဂစစ်မြေပြင်ထဲက စာတစ်ရွက်

၂၀၀၈-ခုနှစ် ဖေဖေါ်ဝါရီလ၊ သီတဂူဆရာတော်ဦးဆောင်သော သီတဂူဘုရားဖူးအဖွဲ့သည် အိန္ဒိယနိုင်ငံ သို့ ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့သည် တရိပူရပြည်နယ် မနုဗန်ကူးရွာတွင် ရွှေစည်းခုံစေတီ ပုံစံတူ စေတီ တစ်ဆူနှင့် သိမ်ကျောင်းတစ်ဆောင်တို့ကို တည်ဆောက်လှူဒါန်းသည်။ အိန္ဒိယနိုင်ငံရှိ ပညာသင် မြန်မာရဟန်း တော် (၂၃၁) ပါးတို့အား တစ်ပါးလျှင် ဒေါ်လာ (၁၀၀) နှုန်းဖြင့် စုစုပေါင်း ဒေါ်လာ နှစ်သောင်းသုံးထောင် တစ်ရာတို့ကို လှူဒါန်းသည့်အပြင် ထိုပညာသင်ရဟန်းတော်များ သီတင်းသုံးရန် ဗုဒ္ဓဂယာရှိ ကျောင်းအလှူတွင် လည်း ပါဝင်လှူဒါန်းကြသည်။ ဒေလီတက္ကသိုလ်ရှိ ဗုဒ္ဓဘာသာညီလာခံ အစည်းအဝေးတက်ပြီးနောက် အိန္ဒိယ တခွင် ဘုရားဖူးခရီးစဉ်ကို စတင်လိုက်ကြသည်။ အဖွဲ့ဝင် (၆၅) ကျော် ပါဝင်သည့် ဒီခရီးစဉ်သည် ဖေဖေါ်ဝါရီ (၃) ရက်မှ မတ်လ (၁) ရက်နေ့အထိ ကြာမြင့်သည့် ခရီးစဉ်ဖြစ်သည်။

ဤခရီးစဉ်ကို အစမှ အဆုံး အစစအရာရာ လိုက်ပါကူညီဆောင်ရွက်ပေးရန် သီတဂူအဓိပတိ ဆရာတော်၏တာဝန်ပေးမှု အရ အဖွဲ့နှင့်အတူတကွ လိုက်ပါခဲ့ရာတွင် စစ်နိုင် ဘုရင်ကြီးတစ်ဦး၏ လက်နက် ချရာ စစ်မြေပြင်ဟောင်းတစ်ခုဖြစ်တဲ့ “ကလိင်္ဂ”နယ်မြေထဲကို ရောက်ရှိခဲ့သည်။ “ကလိင်္ဂ” ဆိုတဲ့ ဤနာမည်ကို ငယ်ငယ်ကတည်းက ကြားဘူးသည်၊ သို့သော် မည့်သည့်အရပ်ဒေသမှန်း မသိ၊ ပုံ ပြောကောင်းသောလူကြီး များ၏ ဒဏ္ဍာရီ ပုံပြင်တစ်ခုသဘွယ် မှတ်ထင်ခဲ့သည်။ အခုတော့ ဤ “ကလိင်္ဂ” စစ်မြေပြင်ဟောင်းနေရာကို မိမိ အမှန်တကယ် ခြေချမိနေပြီ။ မိမိခြေချမိသော နေရာအတိအကျကား- စစ်ဘုရင်ကြီး လက်နက်စွန့်လွှတ်သော “ဒေါလီ” တောင်ကုန်းလေးတစ်ခု ဖြစ်သည်။ မိမိက စစ်ဘုရင်ကြီး၏အကြောင်းကို ထပ်ခါတလဲလဲ စဉ်းစားနေမိ သည်။ “စစ်ပွဲတွေလည်း အလီလီ နိုင်ခဲ့သည်။ လက်နက်လဲ ချလိုက်ပြီဆိုတော့ ဤစစ်ဘုရင်ကြီးကား ရူးများ ရူးသွားသလား” လို့။

ဤစစ်ဘုရင်ကြီး၏ အကြောင်းကား တရေးရေးဖြင့် မိမိ၏ အတွေးထဲမှာ ပေါ်လာသည်။ အင်မတန် ရက်စက်သော ဘုရင်ကြီး ဖြစ်ခဲ့၏။ တိုင်းပြည်အာဏာကို လုံးဝ ဆုပ်ကိုင်နိုင်ဘို့အတွက် ဆန့်ကျင်သူ အားလုံး ကို ရှင်းပစ်ဖို့ ၀န်လေးခဲ့သူ မဟုတ်။ အာဏာအတွက် ညီအစ်ကိုရင်းတွေကိုတောင် သုတ်သင်ခဲ့၏၊ သူအား သစ္စာ မခံသော တိုင်းပြည်တွေက ခုခံသူတွေကို သတ်ဖြတ် သုတ်သင်ပြီး တိုင်းတစ်ပါး နယ်မြေတွေကို သိမ်းပိုက်ခဲ့သည်။ အနိုင်မခံ အရှုံးမပေး၊ လက်နက်မချသော တိုင်းပြည် တစ်ခုကား “ကလိင်္ဂ”တိုင်းပြည် ဖြစ်သည်။ စစ်ဘုရင်ကြီးအနေနဲ့က ဖခင်ကြီးလက်ထက်က တိုက်ခိုက်သိမ်းပိုင်၍ အနိုင် မရခဲ့သော ဤ “ကလိင်္ဂ” တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ယူရန် လုံးဝ ဆုံးဖြတ်ထားခဲ့သည်။ လွယ်လွယ်နှင့် မရနိုင်မှန်းလဲ သိထားခဲ့ သည်။ သို့ဖြစ်၍ ဘုရင်အဖြစ် အဘိသိက်သွန်းပြီး (၈) နှစ်ကြာသောအခါကျမှ ကလိင်္ဂ တိုက်ပွဲကို ဆင်နွဲခဲ့ သည်။ စစ်ဘုရင်ဖြစ်သည့်အလျှောက် “အနိုင်ရဘို့သာ အဓိက” ဖြစ်သည်။ တရားမျှတမှု ရှိ မရှိ၊ လူတွေ သေကြေ ပျက်ဆီး ဆုံးရှုံး ငိုကြွေးကြရတာ သူနှင့်မဆိုင်သလိုမျိုး ယူဆထားခဲ့ဟန်ရှိသည်။ ထိုကြောင့် ခြေလျင် တပ်သားပေါင်း (၆၀၀၀၀၀) ခြောက်သိန်း၊ မြင်းစီးတပ်သားပေါင်း (၁၃၀၀၀၀) တစ်သိန်းသုံးသောင်း၊ ဆင်ကောင်ရေ (၉၀၀၀) ကိုးထောင်နှင့် ဆင်စီးတပ်သားပေါင်း (၃၆၀၀၀)၊ တခြားတိုက်ပွဲသုံး မြင်းရထားများ နှင့်တကွ ကိုယ်တိုင် ချီတက်ပြီး ခုခံသူ ကလိင်္ဂတိုင်းသူပြည်သားတွေကို သတ်ဖြတ်ခဲ့သည်။ အကြမ်းတမ်းဆုံး အရက်စက်ဆုံးနှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။ အချိန်ကား ဘီစီ ၂၆၂-ခုနှစ် ဖြစ်သည်။ ဤတိုက်ပွဲ နေရာကား ယခုခေတ် သြရိဿပြည်နယ် (ယခင်အခေါ် ကလိင်္ဂတိုင်းပြည်) ၏ မြို့တော် ဘူဘန်နေရွှာနှင့် (၅) မိုင်အကွာ ဒေါလီတောင်ကုန်းနှင့် ဒယာ မြစ်ကမ်းအနီး (Bhubaneswar, Orissa State, India) ဖြစ်သည်။

ယင်းတိုက်ပွဲတွင် “ကလိင်္ဂ” တိုင်းသူပြည်သား တစ်သိန်းကျော်နှင့် စစ်ဘုရင်ကြီး၏ စစ်သား တစ်သောင်းကျော် သေဆုံးကြရသည်။ ထိခိုက်ဒဏ်ရာရသူတွေကား အမြောက်အများရှိခဲ့သည်။ စစ်သုံ့ပန်း တစ်သိန်းခွဲကျော်ကို ဖမ်းဆီးထားရသည်။ ဤစစ်ပွဲကို ဦးဆောင်တိုက်ခဲ့သော စစ်ဘုရင်ကြီးကား ဤအဖြစ်အပျက်တွေကို ]ဒေါလီ} တောင်ကုန်းပေါ်ကနေ မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့မြင်နေရသည်။ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို “ဒယာ” မြစ်ထဲမှာ လွှင့်ပစ်နေကြသည်။ ဒဏ်ရာရသူတွေ အော်ဟစ် ငိုကြွေးနေကြသည်။ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေက မိဘတွေကို တမ်းတ ငိုယိုနေကြသည်။ မုဆိုးမ ဖြစ်သွားကြရတဲ့ အမျိုးသမီးတွေရဲ့ ဟစ်ကြွေးရေရွတ်သံတွေကိုလည်း ကြားနေကြရသည်။ တိုက်ဆင်၊ တိုက်မြင်းတွေရဲ့ အလောင်းတွေကိုလည်း လူသေအလောင်းတွေနှင့်အတူ မြင်တွေ့နေရသည်။ လင်းတ ငှက်တွေနှင့်အတူ တခြားသော အသားစားငှက်တွေ၊ ခွေးတွေလည်း အလုအယက်ပြေးလွှာ စားသောက်နေတာ ကို အိမ်မက်အလား မြင်နေရသည်။ “ဒယာ” မြစ်ရေတွေ၊ မဟီ (ယခုအခေါ် မဟာနဒီ) မြစ်ရေတွေလည်း ယခင်ကလို ကြည်လင်မနေတော့ဘဲ သွေးတွေနှင့် နီရဲနေသည်။ ရေပေါ် မြေပေါ်က ထွက်လာသော သွေးညှီနဲ့၊ အပုပ်နံ့တွေကိုလည်း စစ်ဘုရင်ကြီးကိုယ်တိုင် ရှုရှိုက်နေရသည်။

“စစ်ပွဲ” ဆိုတာကို စစ်ဘုရင်ကြီးကိုယ်တိုင် ရွံ့ရှားမုန်းတီးလာသည်။ “စစ်” ဆိုတာ နှစ်ဦးနှစ်ဘက် စလုံးကို ဆုံးရှုံးစေသည်ဟု နားလည်လာသည်။ “ဒေါလီ” တောင်ကုန်းပေါ်မှ မြင်နေရသော အဖြစ်အပျက် အားလုံးသည် စစ်ဘုရင်ကြီးကို “စစ်အောင်နိုင်သူ” အဖြစ် ဂုဏ်ယူဝင့်ကြွားမှုကို မဖြစ်စေခဲ့။ ဤ၀မ်းနည်းဖွယ် အနိဋ္ဌာရုံ အားလုံးကို အဓိက ဖန်တီးသူမှာ တခြားသူ မဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေသည်၊ ဒါကြောင့် အများသူငါက မိမိကို “အကြမ်းဖက်သမားကြီး အသောက (စဏ္ဍာသောက)” လို့ ခေါ်ကြသည်ကို အမှတ်ရမိ နေခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်မှုသည် မိမိ သူတစ်ပါး နှစ်ဦးစလုံးအတွက် ချစ်ခင်ယုံကြည်မှုတွေ၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု စသည်တွေကို မဖြစ်ပေါ်စေသည့်အပြင် ဖျက်ဆီးပစ်ရာ ရောက်သည်ဟု စစ်ဘုရင်ကြီး နားလည် သဘောပေါက်လာသည်။ “သတ်ဖြတ်မှု၊ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည့် အကြမ်းဖက်လုပ်ရပ်”တွေဖြင့် လူသားတို့၏ နှလုံးသားကို လွှမ်းမိုးအနိုင်ယူဖို မဖြစ်နိုင်သည်ကို ကောင်းကောင်း သဘောပေါက်လာသည်။ ထိုကြောင့် နောင် ဘယ်သောအခါမျှ ဤကဲ့သို့သော “စစ်ပွဲ” မျိုး မဖြစ်ပေါ်အောင် ဖန်တီးမည်ဟု ဆုံးဖြတ်ချက်ချသည်၊ မဂဓတိုင်း ပါဋလိပုတ်နေပြည်တော်မှာ နန်းစံစဉ်က ကြားဘူးသလိုလို ရှိသော ဗုဒ္ဓ၏ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သတိရ တမ်းတမိသည်။ ဤ လမ်းစဉ်တွေကို ကမ္ဘာ့လူသားတွေ၏ နှလုံးသားထဲ၌ ထည့်ထားနိုင်လျှင် ဤကဲ့သို့သော စစ်ပွဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ယူဆသည်။

“ဆုပ်ကိုင်ထားသော လက်နက်ကို ချလိုက်ပြီး အကြမ်းဖက်မှုကို လုံးဝစွန်လွှတ်ကြောင်း” ဤ ဒေါလီတောင်ကုန်းကို အသိသက်သေပြု၍ သစ္စာဆိုသည်၊ တရားမျှတသော၊ သနားကြင်နာမှု အပြည့်ရှိသော၊ ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးနိုင်သော၊ အကြမ်းမဖက်မှုကို အားပေးသော၊ ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သော လမ်းစဉ်ဖြင့်သာ တိုင်းသူ ပြည်သားတို့ကို အုပ်ချုပ်ချင်သည်။ မိဘက သားသမီးတို့အပေါ် မေတ္တာစေတနာထားသကဲ့သို့ တိုင်းသူပြည်သားတွေအပေါ် စိတ်ကောင်းစိတ်ထားမြတ်ဖြင့် ပြုမူဆက်ဆံချင်သည်။ “အကြမ်းဖက်သမား စစ်ဘုရင်ကြီးအဖြစ်မှ တရားမျှတစွာ ကျင့်ကြံအားထုတ် အုပ်ချုပ် သော သူတော်ကောင်းဘုရင်ကြီး” အဖြစ်ကို မည်သူ၏ တိုက်တွန်းမှုကိုမျှ မစောင့်တော့ဘဲ အသောကဘုရင်ကြီး က ပြောင်းပစ်နိုင်ခဲ့သည်။

ဘုရင်အသောကသည် နှလုံးသားမှ အမှန်တကယ်ပေါက်ဖွားလာသော၊ တိုင်းသူပြည်သားတွေအပေါ် ထားသော မိမိ၏ စစ်မှန်သော စိတ်တွင်းသဘောကို အများပြည်သူ သိစေရန် ကျောက်သားပြင်ပေါ်တွင် ရေးသားထွင်းထုခဲ့သည်။ အသောက ကျောက်စာပေါင်းများစွာတို့တွင် ဤဒေါလီတောင်ခြေ ကျောက်ပြားပေါ်၌ ရေးသားထားသော ဗြဟ္မီအက္ခရာတို့သည် မူရင်းအတိုင်း ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။ ဤအသောကကျောက်စာကို ကျောက်စာအမှတ် ၁၃-လို့ သတ်မှတ်ထားသည်၊ ဘီစီ ၂၅၆ ရာစုမှာ ရေးထိုးထားသည်ယူဆရဖွယ်ရှိသည်။ ဤနေရာကို ၂၀၀၈-ခုနှစ်၊ သီတဂူဘုရားဖူးအဖွဲ့ ရောက်ရှိသွားသောအခါ အလုအယက် တိုးဝှေ့၍ အသောကကျောက်စာကို ဖတ်ကြသည်။ “အသောကဘုရင်ကြီး ဘာတွေရေးခဲ့ ပြောခဲ့တာပါလိမ့်” သိချင်ကြသော်လည်း ရှေးဟောင်း ဗြဟ္မီအက္ခရာဖြင့် ရေးသားထားသော ဤပါဠိစာပေ၏ အဓိပ္ပါယ်ကို ချက်ချင်းလက်ငင်း မသိနိုင်ခဲ့ကြပါ။ ဒေါလီတောင်ကုန်းပေါ်မှာ တည်ထားသော ”ငြိမ်းချမ်းရေး စေတီ = သန္တိစေတီ” ပရ၀ုဏ်၌ ဟောကြားသော သီတဂူအဓိပတိ ဆရာတော်၏ တရားကို နာကြားရသော အခါမှ တစေ့တစောင်း သိခွင့်ကြုံခဲ့ကြသည်။ သီတဂူဘုရားဖူးအဖွဲ့သည်ကား ဒေါလီ တောင်ကုန်း၏ ရှေ့နောက်တောင်မြောက်ပတ်လည်က စိမ်းလမ်းစိုပြေနေသော ကွင်းပြင်ကြီးနှင့် မနီးမဝေးတွင် စီးဆင်းနေသော ဒယာမြစ်ကမ်း၏အလှတို့၌ နစ်မွန်းနေကြသည်။ ဤ အသောကကျောက်စာ၏ ပြီးပြည့်စုံသော အဓိပ္ပါယ်ကို သိချင်လိုတဲ့ စိတ်က မိမိ၏ ရင်ထဲမှာ ၀င်ရောက် လှုံ့ဆော်နေသည်။ လက်ထဲ၌ အသင့်ပါလာသော “အသောကကျောက်စာပေါင်းချုပ် စာအုပ်” ကလေးကို ကမန်းကတန်းဖွင့်၍ အင်္ဂလိပ် ဘာသာပြန်ကို ဖတ်ကြည့်မိသည်။

စာပိုဒ်တွေကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့်လိုက်မိသည်-

Beloved-of-the-Gods says that the Mahamatras of Tosali who are judicial officers in the city are to be told this: I wish to see that everything I consider to be proper is carried out in the right way. And I consider instructing you to be the best way of accomplishing this. I have placed you over many thousands of people that you may win the people's affection.

နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော (ဒေ၀ါနံပိယ၊ ပိယဒဿီ) မင်းတရားကြီးသည် မြို့၌ တရား ရေးရာ အရာရှိ တိုဆလီ အမတ်ကြီးများ မိန့်မှာတော်မူသည်ကား- မှန်မှန်ကန်ကန် ဆောင်ရွက်ကြသည်ကို ငါဘုရင်မင်းမြတ် မြင်လိုတော်မူသည်။ ထိုအမှုကိစ္စတို့ ပြီးမြောက်အောင်မြင်အောင် အကောင်းဆုံးနည်းလမ်း တို့ကို သင်တို့အား ညွှန်ကြားထားသည်ဟု ငါဘုရင်မင်းမြတ် သိထားတော်မူသည်။ တိုင်းပြည်ပြည်သားတို့၏ ချစ်ခင်မြတ်နိုးထောက်ခံမှုကို အောင်မြင်ရယူနိုင်အောင် သင်တို့ကို ထောင်ပေါင်းများစွာသောလူတို့အထက်၌ ငါဘုရင်မင်းမြတ် နေရာပေးခန့်ထားတော်မူသည်။

All men are my children. What I desire for my own children, and I desire their welfare and happiness both in this world and the next, that I desire for all men. You do not understand to what extent I desire this, and if some of you do understand, you do not understand the full extent of my desire.

လူသားအားလုံးတို့သည် ငါဘုရင်မင်းမြတ်၏ သားသမီးများဖြစ်ကြသည်။ ငါ၏သားသမီးများအပေါ်၌ ထားရှိသော စိတ်စေတနာကဲ့သို့၊ ပစ္စုပ္ပန်တမလွန် နှစ်ခုစလုံး၌ ၄င်းတို့၏ ချမ်းသာသုခနှင့် ကောင်းကျိုးစီးပွား ကို ငါဘုရင်မင်းမြတ် အလိုရှိသကဲ့သို့ လူသားအားလုံးအတွက် ငါဘုရင်မင်းမြတ် အလိုရှိတော်မူသည်။ ဤကိစ္စကို ငါဘုရင်မင်းမြတ် မည်မျှ အလိုရှိတော်မူသည်ကို သင်တို့ နားမလည်ကြပေ၊ အကယ်၍ သင်တို့ထဲ တွင် တချို့က နားလည်သည်ပင် ရှိစေဦး၊ ငါဘုရင်မင်းမြတ်၏ အလိုဆန္ဒကို ပြည့်ပြည့်၀၀ နားလည်မည် မဟုတ်ပေ။

You must attend to this matter. While being completely law-abiding, some people are imprisoned, treated harshly and even killed without cause so that many people suffer. Therefore your aim should be to act with impartiality.

သင်တို့သည် ဤကိစ္စကို သတိပြုကြရမည်၊ စည်းကမ်းဥပဒေတို့ကို လုံးဝ လေးစားလိုက်နာကြပါ လျှက် အချို့သောလူတွေကို ထောင်သွင်းအကျဉ်းချကြသည်၊ အချို့ကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြသည်။ တချို့ကိုတော့ သတ်စရာ အကြောင်းမရှိပါပဲ သတ်ပစ်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ဆင်းရဲဒုက္ခရောက်ကြရသည်။ ထို့ကြောင့် သင်တို့၏ ရည်ရွယ်ချက် ဆောင်ရွက်ချက်တို့သည် သမာသမတ်ရှိသင့်သည်။

It is because of these things -- envy, anger, cruelty, hate, indifference, laziness or tiredness -- that such a thing does not happen. Therefore your aim should be: "May these things not be in me." And the root of this is non-anger and patience.

မနာလိုခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုမရှိခြင်း၊ ပျင်းရိထုံထိုင်းခြင်း တည်းဟူသော ဤအကြောင်းများကြောင့် ဖြစ်ကြရသည်ဖြစ်၍ ဤကဲ့သို့ အဖြစ်အပျက်များ (နောင်အခါ) မဖြစ်ရတော့ပါ။ ထို့ကြောင့် “ဤအဖြစ်အပျက်များ ငါကြောင့် မဖြစ်စေရပါ” လို့ စိတ်ထားမျိုး ရှိသင့်သည်။ စိတ်မဆိုး ဒေါသမထွက်ခြင်း၊ သည်းခံခြင်းသည် (ဤကဲ့သို့ “စိတ်ထားမျိုး” ထားနိုင်ခြင်း၏) အဓိက အခြေခံအကြောင်းတရားဖြစ်သည်။

Those who are bored with the administration of justice will not be promoted; (those who are not) will move upwards and be promoted. Whoever among you understands this should say to his colleagues: "See that you do your duty properly. Such and such are Beloved-of-the-Gods' instructions."

“တရားမျှတသော အုပ်ချုပ်ရေး”နှင့် ငြီးငွေ့ကြသောသူတို့သည် ရာထူးတိုးပေးမည် မဟုတ်ပေ၊ မငြီးငွေ့သောသူတို့သည်သာ အထက်ရာထူးများကို တိုးပေးမည်။ သင်တို့တွင် ဤသဘောတရားကို နားလည် ကြသူ မည်သူမဆို မိမိ၏ လုပ်ဖော်ကိုင်ဘက်များကို “သင်၏တာဝန်ကို သင် မှန်မှန်ကန်ကန် ဆောင်ရွက် သလား၊ ဤအရာ ထိုအရာတို့သည် နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော (ဒေ၀ါနံပိယ၊ ပိယဒဿီ) မင်းတရားကြီး၏ ညွှန်းကြားချက်များ ဖြစ်သလား ဆိုတာ သတိပြုကြပါ”ဟု ပြောပြသင့်သည်။

Great fruit will result from doing your duty, while failing in it will result in gaining neither heaven nor the king's pleasure. Failure in duty on your part will not please me. But done properly, it will win you heaven and you will be discharging your debts to me.

ကြီးမြတ်သောအကျိုးအမြတ်တို့သည် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်းမှ ရရှိဖြစ်ပေါ်လာလိမ့် သည်။ တာဝန်ဝတ္တရား ပျက်ကွက်ပါက ကောင်းရာသုဂတိကိုလည်း မရနိုင်သလို မင်းတရားကြီး၏ ကျေနပ် သဘောကျမှုကိုလည်း ရမည် မဟုတ်ပါ။ သင်တို့၏တာဝန်ဝတ္တရား ပျက်ကွက်မှုသည် ငါဘုရင်မင်းမြတ်ကို နှစ်သက်စေလိမ့်မည် မဟုတ်ပါ။ မှန်မှန်ကန်ကန် ဆောင်ရွက်ကြပါ၊ ဤသို့ဆောင်ရွက်ခြင်းသည် ကောင်းရာ သုဂတိကိုလည်း ရယူအောင်နိုင်သလို ငါမင်းတရားကြီးနှင့်ပတ်သက်၍ သင်တို့အပေါ်၌ အကြွေးတင်ခြင်းမရှိပါ။

Beloved-of-the-Gods, King Piyadasi, conquered the Kalingas eight years after his coronation. One hundred and fifty thousand were deported, one hundred thousand were killed and many more died (from other causes).

နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီး ပိယဒဿီ (အသောက) သည် အဘိသိက် သွန်းပြီး (၈) နှစ်အကြာ “ကလိင်္ဂ”တိုင်းကို အောင်မြင် (သိမ်းပိုက်) တော်မူခဲ့သည်။ လူတစ်သိန်ငါးသောင်းကို ဖမ်းဆီးနှင်ထုတ်ပစ်ခဲ့ရသည်။ တစ်သိန်းသည်ကား သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ စစ်ပွဲနှင့်ဆက်စပ်သော တခြားအကြောင်းတွေကြောင့် လူပေါင်းများစွာ သေဆုံးကြရသည်။

After the Kalingas had been conquered, Beloved-of-the-Gods came to feel a strong inclination towards the Dhamma, a love for the Dhamma and for instruction in Dhamma. Now Beloved-of-the-Gods feels deep remorse for having conquered the Kalingas.

“ကလိင်္ဂ” တိုင်းပြည် အောင်မြင်စွာသိမ်းပိုက်ပြီးနောက် နတ်တို့၏ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီး ပိယဒဿီ (အသောက) သည် “တရားဓမ္မ” ၌ စိတ်ညွတ်လာခဲ့သည်၊ တရားဓမ္မနှင့် တရားဓမ္မ ၏ သွန်သင်ဆုံးမမှုတို့ကို နှစ်သက်မြတ်နိုးတော်မူလာခဲ့သည်။ ယခုအခါ နတ်တို့၏ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီးသည် “ကလိင်္ဂ” စစ်ပွဲဖြစ်ရခြင်းကို ကြီးစွာ ၀မ်းနည်းပက်လက် ဖြစ်တော်မူသည်။

Indeed, Beloved-of-the-Gods is deeply pained by the killing, dying and deportation that take place when an unconquered country is conquered.

“မသိမ်းပိုက်နိုင်ဘူးသောတိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်အနိုင်ယူရသောအခါ လူသားတွေကို သတ် ဖြတ် သုတ်သင်ရခြင်း၊ အသက်တွေဆုံးရှုံးရခြင်း နှင့် ဖမ်းဆီးချုပ်နှောင် နှင်ထုတ်ရခြင်းတို့ကြောင့် နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီးသည် အမှန်တကယ် အလွန်အမင်း စိတ်ထိခိုက် ကြေကွဲ ရသည်”။

But Beloved-of-the-Gods is pained even more by this -- that Brahmans, ascetics, and householders of different religions who live in those countries, and who are respectful to superiors, to mother and father, to elders, and who behave properly and have strong loyalty towards friends, acquaintances, companions, relatives, servants and employees -- that they are injured, killed or separated from their loved ones.

ထို့ထက်မက နတ်တို့၏ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီးသည် ဤ (ဖေါ်ပြပါ) အဖြစ် အပျက်တို့ကြောင့် အတိုင်းထက်အလွန် နာကျင်ခံစားရသည်-- ကြီးမြတ်သောသူများကို၊ အမိအဘကို၊ ဆရာများနှင့် အသက်ကြီးသူများကို ရိုသေလေးစားကြသော၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော် ကိုင်ဘက်များ၊ ဆွေမျိုးများ၊ ၀န်ထမ်းများ၊ အလုပ်သမားများအပေါ် အင်မတန် သစ္စာစောင့်သိကြသော၊ ဤတိုင်းနိုင်ငံတို့၌ မှီတင်းနေထိုင်ကြသော၊ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရှိသော ရပ်မိရပ်ဖများ၊ ရသေ့ရဟန်းများနှင့် ဂုဏ်သရေရှိ လူကြီးသူကောင်းတို့သည် (ဤစစ်ပွဲကြောင့်) ထိခိုက်ဒဏ်ရာ ရကြသည်၊ အသတ်ခံကြရသည်၊ ချစ်ခင်မြတ်နိုးသောသူတို့နှင့် အခွဲခံကြရသည်။

Even those who are not affected (by all this) suffer when they see friends, acquaintances, companions and relatives affected. These misfortunes befall all (as a result of war), and this pains Beloved-of-the-Gods.

ဤဆင်းရဲဒုက္ခနှင့် တိုက်ရိုက် မတွေ့ကြုံကြရသောသူတို့သည်ပင် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော်ကိုင်ဘက်များနှင့် ဆွေမျိုးများ ဆင်းရဲဒုက္ခရောက်ကြသည်ကို တွေ့မြင်ရသောအခါ စိတ်ဆင်းရဲကြ ရကုန်သည်။ ဤ ကံကြမ္မာဆိုးသည်ဝန်ထမ်းများ၊ အလုပ်သမားများအပေါ် အင်မတန် သစ္စာစောင့်သိကြသော၊ ဤတိုင်းနိုင်ငံတို့၌ မှီတင်းနေထိုင်ကြသော၊ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရှိသော ရပ်မိရပ်ဖများ၊ ရသေ့ရဟန်း သူတော်ကောင်းများနှင့် ဂုဏ်သရေရှိ လူကြီးသူကောင်းတို့သည် (ဤစစ်ပွဲကြောင့်) ထိခိုက်ဒဏ်ရာ ရကြသည်၊ အသတ်ခံကြရသည်၊ ချစ်ခင်မြတ်နိုးသောသူတို့နှင့် အခွဲခံကြရသည်။ ဤကြမ္မာဆိုးတို့သည် စစ်ပွဲ၏ အကျိုးဆက်အားဖြင့် သက်ရှိအားလုံးတို့အပေါ် ကျရောက်ဒုက္ခပေးလေသည်။ ဤအဖြစ်အပျက်များက နတ်တို့၏ချစ်ခင်မြတ်နိုးမှုကို ခံရသော မင်းတရားကြီးကို နာကျင်စွာ ခံစားရစေသည်။

“အားလုံး ကားပေါ်တက်ကြပါ၊ အားလုံးကားပေါ်တက်ကြပါ၊ မကြာမီ ကားထွက်တော့ပါမည်” ဟူသော ဘုရားဖူးအဖွဲ့ဝင် တစ်ဦး၏ နိုးဆော်မှုကြောင့် ဖတ်စရာ စာပိုဒ်တွေ အမျာကြီး ကျန်နေသော်လည်းဘဲ ဖတ်လက်စ စာအုပ်ကလေးကို အမြန်ပိတ်ကာ ထလိုက်ပါသည်။ အသောက ကျောက်စာကို (၁) မိနစ်မျှ စိုက်ကြည့်ပြီး “ဤ ကလိင်္ဂ စစ်မြေပြင်ဟောင်း၌ နှစ်ပေါင်း (၂၃၀၀) ကျော်သည့်တိုင်အောင် တည်ရှိနေသည့် ဤကျောက်စာ စာရွက်သည် နောင်ထပ် နှစ်ပေါင်း များစွာ တည်ရှိလျှက် လက်နက်အားကိုးဖြင့် တိုင်းသူ ပြည်သားတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်ကြသော စစ်အာဏာရှင်များ (အသောကဘုရင်ကြီးကဲ့သို့) အဓမ္မမှုများ ကို စွန့်လွှတ်၍ တရားမျှတမှုများ ကျင့်သုံးနိုင်ကြပါစေ”လို့ ဆုတောင်းလိုက်မိသည်။

အရှင်ကုမာရ (ဒေလီတက္ကသိုလ်)


ဆက်ဖတ်ပါဦး....

Blogအက္ခရသညာတော

စာတစ်စောင်ပေတဖွဲ့ ဘယ်အရွယ်မှာ စရေးခဲ့ဘူးသလဲတော့ မမှတ်မိတော့။ တစ်ကြောင်း တစ်ပါဒလေးမျှပင် မှတ်တမ်းမှတ်ရာ မရှိ။ ဒီတော့ အတိတ်က အရိပ်တွေကို ထားလိုက်ပါ။ ရာစုသစ်မှာ ရှင်သန်နေတဲ့ အကြောင်းပဲ ပြောမယ်။ အိုင်တီခေတ်ရဲ့ သွေးဆောင်မှုကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်တိုင်ရေးပုံတူတစ်ခု ခြယ်မှုန်းမိခဲ့တယ်။ ၂၀၀၇ မတ်လထဲမှာ စခဲ့တာ။ လမ်းကြောင်းက http://natthi22.blogspot.com ။ gmail accountရှိသူတိုင်း ဖန်တီးလို့ရတဲ့ blog့ဆိုတာပေါ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရေးချင်တာ ရေးနေကြတဲ့ bloggerတွေကလဲ အများကြီး။ သူ့ဘလောဂ့် ကိုယ့်ဘလော့ဂ် အပြန်အလှန် ဖတ်ကြ အားပေးကြ ကူညီကြ ညှိနှိုင်းကြ ဝေဖန်ကြ။ ကူးလူးဆက်ဆံမှုကတော့ တကယ် လွမ်းစရာ။ virtual world လား small world လား မသိနိုင်ပေမယ့် dream world မဟုတ်, happy world တစ်ခုလို့ ခံစားရတယ်။ ပျော်ရွှင်စရာ ဘလောဂ့် ကမ္ဘာလေးတစ်ခုပေါ့။ မျက်မှောက်ခေတ်မှာတော့ ဘလောဂ်တွေရဲ့စီးမြောမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ အကောင်းအဆိုး ကွဲပြားပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။
ကိုယ်တိုင်က ပါဠိcrazyဆိုတော့ ပါဠိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦးစားပေး ရေးဖြစ်တယ်။ အထူးသဖြင့် ကိုယ်တိုင်ရေးထားတဲ့ ပါဠိဂါထာတွေ မျှဝေဖြစ်တယ်။ ဒါပေမယ့် ဘလောဂ့်ရေးတာကို ဇွန်လမှာ ရပ်လိုက်တယ်။ အဲဒီ့လေးလအတွင်းမှာတော့ မြင်တွေ့ ကြားသိတာလေးတွေကို ရေးဖွဲ့မိခဲ့တယ်။ ဒီအထဲမှာ ခရီးသွားမှတ်တမ်းတွေ လဲပါတယ်။ သံဝေဇနိယ ၄-ဌာနထဲက လုမ္ဗိနီနဲ့ ဗာရာဏသီမှာ အသောကကျောက်စာတိုင်တွေ ရှိတယ်။ ဒါတွေကို အမှတ်တရအနေနဲ့ ဘလောဂ့်မှာ ရေးဖြစ်တယ်။ ဘီစီ ၃ရာစုက ဇမ္ဗူဒိပ်ရဲ့ မှတ်တမ်းတွေဖြစ်တဲ့ အသောကကျောက်စာတွေကို အေဒီ ၂၁ရာစုသစ်က ခေတ်သစ်နည်းပညာနဲ့ ဘလော့ဂ်မှာ ပုံဖော်လိုက်ရာ ကြည်နူးစရာပါ။ တစ်ခုတော့ ရှိတယ်။ ဘလောဂ့်သက်တမ်းက ကျောက်စာသက်တမ်းကို မှီမမှီဆိုတာတော့ မပြောနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျောက်ထက်အက္ခရာ တင်ထားတာတွေကို ဘလောဂ့်ထက်အက္ခရာတင်လိုက်ရတာပါပဲ။ ဟုတ်တယ်နော။ “အက္ခရာတို့ဖြင်သာ ကောင်းစွာ သိအပ်၏”တဲ့။

နတ္ထိရဲ့ ခရီး-လုမ္ဗိနီ
(၂၀၀၇ ဧပြီ ၂၇တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖ၀ါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒေ၀ါနံ ပိယေန ပိယဒသိန လာဇိယ ၀ိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-၀ိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂ၀ံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂ၀ါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန်ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅၀ကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာလွင့်ပျံ့နေဆဲပါ။

ဒီလို ဘလော့ဂ်မှာ ရေးလိုက်တာနဲ့ လာဖတ်တဲ့သူတွေရဲ့ တုန့်ပြန်မှုလေးတွေကိုလဲ မှတ်တမ်းတစ်ခုအနေနဲ့ တွေ့နိုင်တယ်။ ပုထုဇဉ်ဆိုတဲ့ ဘလော့ဂ်ဂါတစ်ဦးက အသောကရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောတော့ ကိုယ်ကလဲ ကိုယ်နားလည်သမျှ ပြန်ပြောဖြစ်တယ်။ ဒါမျိုးကို ဘလော့ဂ်ရဲ့ ရသတစ်မျိုးလို့ ဆိုနိုင်တယ်။

ပုထုဇဉ်…
"ဤနေရာ၌ ဘဂ၀ါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"
အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။

နတ္ထိ…
ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။ အသောကဘုရင် လက်ထက်တုန်းက အခွန် ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။
http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2
4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။

ပုထုဇဉ်…
ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။
"paying (only) an eighth share ([for a sixth share] of the produce.)"
ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ၀င်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပာယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

နတ္ထိ…
ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူ တစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။



နတ္ထိရဲ့ ခရီး-ဗာရာဏသီ
(၂၀၀၇ မေ ၂၀ တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ဒေ၀ါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ၀ါ ဘိခုနိ ၀ါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာဝသယိယေ ဟေ၀ံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ၀ိနပယိတ၀ိယေ။

“ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အ၀တ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။”
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။

ဝဓာယ ဘ၀စက္ကဿ၊
ဝဋ္ဋဒုက္ခာဝစာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
ဝရညူ ဘ၀ပါရဂူ။

ဝဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘ၀ပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။လှတာပေါ့နော။ ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘ၀စက္က” နဲ့ “ဘ၀ပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘ၀စက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘ၀ပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။
ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စ၀ဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ်အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။

ကုလာစလေ ၀ိတ္ထရိ စက္က၀ါဠေ၊
ဝရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာဝဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။


နတ္ထိ

ဆက်ဖတ်ပါဦး....

ဘာလုပ်ကြမလဲ

အစိမ်းတွေ အ၀ါနှော၍တချို၊ အ၀ါတွင် အညိုယှက်၍ တစ်လီ ဟိုမှဒီ လွင့်ပျံ့နေတဲ့ ရော်ရွက်ဝါတို့၏ ဇာတ်သိမ်းခန်းက တစ်နှစ်တာကုန်ဆုံးတော့မည်ကို သရုပ်ဖော်နေလေသည်။ သင်္ကြန်ပြီးလို့ နှစ်ဆန်းလာလျှင် တာဝန်ကျရာ တောင်တန်းသို့ သွားရတော့မည်။

တပေါင်းတခူး လေဗွေကမြူးလေတော့ စွန့်ခွါရမည့် နေရာဟောင်းကို လွမ်းမိသလို၊ ကျန်ရစ်ခဲ့မည့် တပည့်ချာတိတ်လေးတွေကိုလည်း တွေးပြီး ပုံဖော် ကြည့်နေမိသေး၏။ သူတို့လေးတွေ ရွာဘုန်းကြီးထံ ပြန်အပ်ခဲ့ပြီး သာသနာ့တက္ကသိုလ်က ပေးလိုက်တဲ့ တာဝန်ကျရာကို မိမိသွားရတော့မည်။ မသွားခင် ပြင်ဆင်စရာတွေကို တပည့်ကလေးတွေနဲ့အတူ ပြင်ဆင်နေစဉ်မှာ-
ဦးဇင်း ... စာ ... ၊
ကလေးတစ်ယောက်က စာတစ်စောင်လာပေးသည်။ စာကိုကြည့်လိုက် တော့ စာသင်တိုက်မှာအတူနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ထံမှ ဖြစ်နေသည်။

သို့
သူငယ်ချင်း- တောင်တန်းသွားရတော့မယ်ဆိုတော့ ပြင်ဆင်စရာတွေ အားလုံး ပြင်ဆင်ပြီးပြီလား၊ တောင်တန်းဆိုတော့ အခက်အခဲအမျိုးမျိုးတော့ တွေ့မှာပေါ့နော်။ ဘယ်လို အခက်အခဲမျိုးကိုမဆို ကိုယ့်လူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဒို့ ယုံကြည်ပါတယ်။
သူငယ်ချင်းရေ- ဒို့မြန်မာပြည်ကြီးဟာ ဗုဒ္ဓဘာသာနိုင်ငံပါလို့ ပြောနေရပေမယ့် အခြားဘာသာတွေက တဖြည်းဖြည်းနဲ့ ၀ါးမျိုလာကြပြီ။ ဒီကိစ္စမှာ သာသနာ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒို့မှာ အဓိကတာဝန်ရှိတယ်။ အခု ကိုယ်လူ သွားမည့် ချင်းတောင်တန်းသာ ကြည့်ပါတော့။
ကိုယ် ကချင်ပြည်နယ်ဘက်ကို ခဏရောက်စဉ်တုန်းက ကချင်အဘိုးကြီး တစ်ယောက်က ပြောဘူးတယ်။ “နင်တို့ ဘုန်းကြီးတွေ အသုံးမကျလို့ ဒို့ ဗုဒ္ဓဘာသာ မဖြစ်ရတာ”တဲ့။ ထိလိုက်လေ ကိုယ့်လူရေ။
ဟိုတချိန်က ဘုရင်တွေလက်ထက်က ဆိုပါတော့-၊ မန္တလေးနေပြည်တော် မှာ စာတတ်ပေတတ်ဘုန်းကြီးတွေ အများကြီးပါပဲ။ ဒါပေမယ့် ဘယ်ဘုန်းကြီးမှ တောင်တန်းသွားပြီး သာသနာပြုရမှန်းမသိခဲ့ကြဘူး။ ဓူရနှစ်ဖြာထဲမှာ ဂန္ထဓူရကို စာသင်စာချအမှုလောက်သာ နားလည်ထားခဲ့ကြဟန်တူပါရဲ့။
မကြာခင်မှာပဲ အင်္ဂလိပ်တွေဟာ တိုင်းပြည်ကို သိမ်းပိုက်ပြီး ဒို့ဘုန်းကြီး တွေ စိတ်မကူးမိခဲ့တဲ့ တောင်ကြိုတောင်ကြားတွေကို သွားပြီး ခက်ခဲစွာ သာသာနာ ပြုသွားခဲ့ကြတယ်။ နောက်တစ်ချက်က ဘုန်းကြီးတွေရဲ့ အဆုံးအမတွေအောက်မှာ ရှိနေတဲ့ ပြည်သူတွေကို စည်းရုံးရတာ သိပ်ခက်ခဲလွန်းလို့ မသိနားမလည် ဘာသာ မကြွယ်ရှာသေးတဲ့ တောင်ကြိုတောင်ကြားသူတွေကို ဘာသာရေးအခြေခံပြီး သူတို့စကားနားထောင်လာအောင် စည်းရုံးတာလဲ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်တို့ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဘုန်းကြီးတွေ တစ်ကွက်ခံလိုက်ရတာကိုတော့ ကချင်အဘိုးကြီးရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်တော့ မေ့လို့မရနိုင်ဘူး။
သူငယ်ချင်းရေ- ပြည်မဘက်ကို ကြည့်လိုက်ပါအုံး၊
ဘုန်းကြီးတွေလက်အောင်မှာရှိနေတဲ့ ပြည်သူတွေကိုလည်း အင်္ဂလိပ်က စည်းရုံးဖို့ ကြံဖန်လာပြန်တယ်။ အဲဒီအချိန်က တစ်တိုင်းပြည်လုံးဟာ ဘုန်းကြီး ကျောင်းသားတွေချည်းပဲလေ။ တိုင်းပြည်ဟာလည်း ဘုန်းကြီးပညာရေးနဲ့ တည် ဆောက်ထားတာမဟုတ်လား။ အဲဒီတော့ အင်္ဂလိပ်အစိုးရဟာ ပြည်သူတွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို ခံနေရတယ်။ ပြည်သူတွေဟာ အားမသန်လို့ မာန်လျှော့ နေရတဲ့ အနေအထားမျိုးးမှာ ရှိနေတယ်ဆိုတာ သူတို့သိလာတော့ ရေရှည် အုပ်ချုပ်လို့ရအောင် ကြံဖန်လာပါတော့တယ်။
အဲဒီနည်းစနစ်ကတော့- ဘုန်းကြီးတွေထံမှ ပရိသတ်ကို မသိမသာ ဆွဲထုတ်လုယူခြင်းပါပဲ။ သူတို့က ပြည်သူတွေအတွက် အင်္ဂလိပ်စာသင်ကျောင်းတွေ တည်ထောင်ပေးတယ်။ ဘ၀အတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးတယ်။ ထို့နောက် အဲဒီကျောင်းမှ ကျောင်းပြီးပုဂ္ဂိုလ်တွေကို ရာထူး ဌာနန္တရတွေ ပေးတယ်။ အစိတ်အပိုင်း သြဇာတွေ ပေးတယ်။ နောက်ဆုံး ဘုရားထူးခံခွင့်အထိ ဘုန်းကြီးတွေနှင့် တန်းတူအဆင့်ကို ပေးလာတယ်။
အဲဒီလို အခြေအနေမျိုးတွေကို ဒို့ဘုန်းကြီးတွေက သတိမမူမိခဲ့ကြဘူး။ မိမိထံလာပြီး ဒူးတုတ်တဲ့ ပုဂ္ဂိုလ်တွေကိုပဲ ပညာသင်ကြားပေးတယ်။ ရောက်မလာတဲ့ ပုဂ္ဂိုလ်တွေကို စည်းရုံးရမှန်းမသိခဲ့ကြဘူးလေ။ အချို့ဘုန်းကြီးတွေဆို လူတွေရဲ့ သာရေးနာရေးတွေကိုတောင် “စာသင်ပျက်တယ်၊ စာလုပ်ပျက်တယ်” ဆိုပြီး လျစ်လျူရှုတတ်ကြတယ်။
တဖြည်းဖြည်းနဲ့ ပြည်သူတွေဟာ ဘုန်းကြီးတွေအပေါ် အားကိုးမှု နည်းပါးလာတယ်။ နောက်ဆုံးအဆင့် ဘုန်းကြီးတွေကို သုဿာန်မှာသာ အသုံးကျသည်-ဟု ထင်မြင်လာကြတဲ့အထိပါပဲ။ ဒါဟာ ပြည်သူတွေ အပြစ်မဟုတ်ဘူး၊ ဒို့ဘုန်းကြီးတွေရဲ့ အားနည်းချက်သာ ဖြစ်တယ်လို့ ကိုယ်တော့ ခံယူမိတယ်။ သူငယ်ချင်း-- ကိုယ်တို့ ရှေ့ဆက် ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်တို့ သိသင့်ပြီ။
ကဲ သူငယ်ချင်း... စာလဲ ရှည်သွားပြီး၊ ကိုယ့်လူကို ယုံကြည်အားကိုးလျက်-
လျှောက်ရမည့်ခရီးကြမ်း မပင်ပန်းပဲ လျှေက်လှမ်းနိုင်ပါစေ......

သူငယ်ချင်း မောင်ကော

စာ၏အဆုံးမှာ ဂိမှာန်နွေဦး လေရူး၏ လွန့်လူးရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါလာကြသော တောပန်းတောင်ပန်းတို့၏ ရနံ့များက သူငယ်ချင်း၏ စာနဲ့အတူ ကျွန်ုပ်အတွက် အားတက်ဖွယ်ရာများကို သယ်ဆောင် လာခဲ့လေ၏။

ကျော်အဂ္ဂ


ဆက်ဖတ်ပါဦး....

မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်

မြန်မာနိုင်ငံ၏ အဓိကရ ဓမ္မကထိကအကျော်အမော် သီတဂူဆရာတော်ကြီး ဘဒ္ဒန္တဒေါက်တာဉာဏိဿရ၏ (၇၁)နှစ်ပြည့် ၀ိဇာတမင်္ဂလာ တပေါင်းလပြည့် မွေးနေ့အခါသမယ၌ မွေးနေ့ရှင် ဆရာတော်ကြီးအားလည်း ပူဇော် မဟာသတိပဋ္ဌာနသုတ် တရားတော် ဟောကြားရာ ရှေးအခေါ် ကမ္မာသဒမ္မ (ကမ္မာသဓမ္မ)နိဂုံးနှင့် ယခုအခေါ် မြို့တော်နယူးဒေလီရှိ ဒေလီတက္ကသိုလ်အားလည်း ဂုဏ်ပြုလိုသောကြောင့် မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်၊

ဤမဟာသတိပဋ္ဌာနသုတ်ကို ဘုရားရှင်လက်ထက်တော်အခါက ကမ္မာသဓမ္မနိဂုံး ယခုအခေါ် နယူးဒေလီမြို့တော်၌ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့သော တရားတော်ဖြစ်သည်၊ ဤမဟာသတိပဋ္ဌာနသုတ်သည် ဒီဃနိကာယ် သုတ်မဟာဝါပါဠိတော်၌ လာရှိ၏၊ ဤမဟာသတိပဋ္ဌာနသုတ်၌ ဘုရားရှင်သည် သတိပဋ္ဌာန်အလုပ် ကျင့်ကြံပွားများအားထုတ်သူတို့ ရွှင်လန်းအားတက်စေရန် အကျိုးတရားကို ရှေးဦးစွာဟောကြားတော်မူ၏၊ ထို့နောက် ကျင့်ကြံအားထုတ်မှုအပိုင်းကို ဥဒ္ဒေသ နိဒ္ဒေသ အကျဉ်းအကျယ်အားဖြင့် ဟောကြားတော်မူခဲ့၏၊ ထို့နောက် နိဂုံးချုပ်အနေအားဖြင့် ကျင့်ကြံရမည့် အချိန်ကာလအပိုင်းအခြားကို ဟောကြားတော်မူခဲ့၏၊ ထို့ကြောင့်မဟာသတိပဋ္ဌာနသုတ်ပါဠိတော်ကို အနှစ်ချုပ်လိုက်ပါက အောက်ပါအတိုင်း ဖြစ်လာ၏။

(၁) ပယောဇနကဏ္ဍ အကျိုးပြအပိုင်း
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ၊

(၂) စရဏကဏ္ဍ ကျင့်ကြံမှုအပိုင်း
ကာယေ ကာယာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
ဝေဒနာသု ဝေဒနာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
စိတ္တေ စိတ္တာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
ဓမ္မေသု ဓမ္မာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊

(၃) ကာလပရိစ္ဆေဒကဏ္ဍ အချိန်ကာလအပိုင်းအခြား
ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဌာနေ ဧ၀ံ ဘာဝေယျ သတ္တ၀ဿာနိ (သတ္တာဟံ)၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခါံ ဒိဋ္ဌေ၀ ဓမ္မေ အညာ, သတိ ၀ါ သဥပါဒိသေသေ အနာဂါမိတာ၊

သတိပဋ္ဌာန်ပွားများအားထုတ်ခြင်းအကျိုး(၇)မျိုး
(၁) သတ္တာနံ ၀ိသုဒ္ဓိယာ = ကိလေသာအညစ်အကြေးတို့ စင်ကြယ်စေနိုင်ခြင်း၊
(၂+၃) သောကပရိဒေ၀ါနံ သမတိက္ကမာယ= စိုးရိမ်ပူဆွေးခြင်းသောကကို လွန်မြောက် ပယ်ခွါစေနိုင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းပရိဒေ၀ကို လွန်မြောက်ပယ်ခွါစေနိုင်ခြင်း၊
(၄+၅) ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်ဆင်းရဲခြင်းဒုက္ခကို ချုပ်ငြိမ်းစေနိုင်ခြင်း၊
စိတ်ဆင်းရဲခြင်းဒေါမနဿကို ချုပ်ငြိမ်းစေနိုင်ခြင်း၊
(၆) ဉာယဿ အဓိဂမာယ = လောကုတ္တရာ အရိယာမဂ်ကိုရရှိစေနိုင်ခြင်း၊
(ရ) နိဗ္ဗာနဿ သစ္ဆိကိရိယာယ = ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက် မျက်မှောက်ပြုစေနိုင်ခြင်းတို့ဖြစ်၏၊
ဤသတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်သည် နိဗ္ဗာန်ရောက်ရေးအတွက် တစ်ကြောင်း တည်းသော ခရီး တစ်ခုတည်းသော လမ်းစဉ်ဖြစ်၏၊ မှန်၏၊ နိဗ္ဗာန်ကြွသွား ဘုရားရဟန္တာ အရိယာအရှင်မြတ်မှန်သမျှတို့သည် ဤသတိပဋ္ဌာန်ကျင့်စဉ်လမ်းဖြင့်သာ ၀ိပဿနာ ကျင့်တော်မူကြ၏၊ သတိပဋ္ဌာန်နှင့်လွတ်သော ၀ိပဿနာမည်သည်မရှိ၊ ထို့ကြောင့် ပါဠိတော်၌ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဟု မိန့်ဆိုတော်မူ၏၊

ကိလေစင်ရေး၊ စိုးရိမ်ဆွေး ၊ငိုကြွေးကင်းစေသည်။
ကိုယ်စိတ်ဆင်းရဲ၊ မရှိဘဲ၊ ပြတ်စဲငြိမ်းစေသည်။
မဂ်ဖိုလ်နိဗ္ဗာန်၊ တရားမှန်၊ အမြန်ရစေသည်။
တစ်ကြောင်းတည်းမှန်၊ သတိပဋ္ဌာန်၊ ကျင့်ကြံပွါးရမည်။

ကျင့်ကြံမှုအပိုင်း
သတိပဋ္ဌာန်သည် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မအားဖြင့် (၄)ပါးအပြားရှိ၏။
ကာယေ-ဖြင့် ကာယာနုပဿနာသတိပဋ္ဌာန်၏ကမ္မဋ္ဌာန်းအာရုံကိုပြ၏၊ ကာယအရ ခန္ဓာအားဖြင့် ရူပက္ခန္ဓာရ၏၊
ဝေဒနာသု-ဖြင့် ဝေဒနာနုပဿနာသတိပဋ္ဌာန်၏ ကမ္မဋ္ဌာန်းအာရုံကိုပြ၏၊ ဝေဒနာအရ ခန္ဓာအားဖြင့် ဝေဒနက္ခန္ဓာရ၏၊
စိတ္တေ-ဖြင့် စိတ္တာနုပဿနာသတိပဋ္ဌာန်၏ ကမ္မဋ္ဌာန်းအာရုံကိုပြ၏၊
စိတ္တအရ ခန္ဓာအားဖြင့် ၀ိညာနက္ခန္ဓာရ၏၊
ဓမ္မေသု-ဖြင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ ကမ္မဋ္ဌာန်းအာရုံကိုပြ၏၊
ဓမ္မအရ ခန္ဓာအားဖြင့် သညက္ခန္ဓာ သင်္ခါရက္ခန္ဓာရ၏၊
ကာယာနုပဿီ ၀ိဟရတိ-ဖြင့် ကာယာနုပဿနာသတိပဋ္ဌာန်ရှုမှတ်ပုံကိုပြ၏၊ ရူပကာယ ရူပက္ခန္ဓာ၌ မမြဲ ဆင်းရဲ အစိုးမရ (အနိစ္စ ဒုက္ခ အနတ္တ ) လက္ခဏာရေးသုံးပါးဖြင့်အဖန်ဖန် ရှုမှတ်လေ့ရှိခြင်းသည်လည်းကောင်း၊ ရူပကာယ ရူပက္ခန္ဓာကို မမြဲ ဆင်းရဲ အစိုးမရ (အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့် အဖန်ဖန်ရှုမှတ်ခြင်းသည်လည်းကောင်း ကာယာနုပဿနာသတိပဋ္ဌာန်မည်သည်ကိုပြ၏၊
ဝေဒနာနုပဿီ ၀ိဟရတိ-ဖြင့် ဝေဒနာနုပဿနာသတိပဋ္ဌာန်ရှုမှတ်ပုံကိုပြ၏၊ ဝေဒနာက္ခန္ဓာတို့၌ မမြဲ ဆင်းရဲ အစိုးမရ(အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့် အဖန်ဖန် ရှုမှတ်လေ့ ရှိခြင်းသည်လည်းကောင်း၊ ဝေဒနာက္ခန္ဓာကို မမြဲ ဆင်းရဲ အစိုးမရ (အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့်အဖန်ဖန် ရှုမှတ်ခြင်းသည်လည်းကောင်း ကာယာနုပဿနာသတိပဋ္ဌာန်မည်သည်ကိုပြ၏၊
စိတ္တာနုပဿီ ၀ိဟရတိ-ဖြင့် စိတ္တာနုပဿနာသတိပဋ္ဌာန်ရှုမှတ်ပုံကိုပြ၏၊ ၀ိညာဏက္ခန္ဓာ၌ မမြဲ ဆင်းရဲ အစိုးမရ(အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့်အဖန်ဖန် ရှုမှတ်လေ့ ရှိခြင်းသည်လည်းကောင်း၊ ၀ိညာဏက္ခန္ဓာကို မမြဲ ဆင်းရဲ အစိုးမရ(အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့် အဖန်ဖန် ရှုမှတ်ခြင်းသည်လည်းကောင်း ကာယာနုပဿနာ သတိပဋ္ဌာန်မည်သည်ကိုပြ၏၊
ဓမ္မာနုပဿီ ၀ိဟရတိ-ဖြင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်ရှုမှတ်ပုံကိုပြ၏၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတရားတို့၌ မမြဲ ဆင်းရဲ အစိုးမရ(အနိစ္စ ဒုက္ခ အနတ္တ) လက္ခဏာရေးသုံးပါးဖြင့်အဖန်ဖန် ရှုမှတ်လေ့ ရှိခြင်းသည် လည်းကောင်း၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတရားတို့ကို မမြဲ ဆင်းရဲ အစိုးမရ(အနိစ္စ ဒုက္ခ အနတ္တ)လက္ခဏာရေးသုံးပါးဖြင့်အဖန်ဖန် ရှုမှတ်ခြင်းသည်လည်းကောင်း ဓမ္မာနုပဿနာ သတိပဋ္ဌာန်မည်သည်ကိုပြ၏၊

ရုပ်ဖြစ်တိုင်းသာ၊ စူးစိုက်ခါ၊ သေချာရှုရမည်။
ခံစားတိုင်းသာ၊ စူးစိုက်ခါ၊ သေချာရှုရမည်။
စိတ်ဖြစ်တိုင်းသာ၊ စူးစိုက်ခါ၊ သေချာရှုရမည်။
သဘောတိုင်းသာ၊ စူးစိုက်ခါ၊ သေချာရှုရမည်။

အာတာပီ, သမ္ပဇာနော, သတိမာ-တို့ဖြင့် ရှုမှတ်ပွားများအားထုတ်ရာ၌ ပြည့်စုံရမည့်အင်္ဂါရပ်တို့ကိုပြ၏၊ ထိုတွင်-
အာတာပီ-ဖြင့် သမ္မပ္ပဓာန် လုံ့လ၀ီရိယနှင့်ပြည့်စုံရမည့်အင်္ဂါကိုပြ၏၊ သမ္မပ္ပဓာန် လုံ့လ၀ီရိယအင်္ဂါဟူသည် ကမ္မဋ္ဌာန်းအလုပ် အားထုတ်စဉ် ‘‘ငါ၏ခန္ဓာကိုယ်သည် အကြောအခြင် အရိုး အရေ ကြွင်းကျန်ပစေ၊ အသားအသွေးခြောက်ခမ်းပစေ’’ဟု အဓိဋ္ဌာန်မြောက် ဆောက်တည်အပ်သော လုလ္လ၀ီရိယမျိုးတည်း။

ကြောချဉ်ရိုးရေ၊ ကြွင်းပစေ၊ ကုန်စေသားအသွေး။
အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။

သမ္ပဇာနော-ဖြင့် ပညာအဆင်အခြင်ဥာဏ်ပညာသမ္ပဇညတရားနှင့် ပြည့်စုံရမည့် အင်္ဂါကိုပြ၏၊ ထိုသမ္ပဇညသည် သာတ္ထကသမ္ပဇည , သပ္ပါယသမ္ပဇည, ဂေါစရသမ္ပဇည, အသမ္မောဟသမ္ပဇညအားဖြင့် လေးပါးအပြားရှိ၏၊ ထိုတွင်-
(၁)သာတ္ထကသမ္ပဇညဟူသည် အကျိုးရှိ ,မရှိ သုံးသပ်ဆင်ခြင်၍ အကျိုးရှိမှသာ ပြုလုပ်ခြင်းတည်း၊
(၂)သပ္ပါယသမ္ပဇညဟူသည် သင့်တော်၏, မတော်၏ သုံးသပ်ဆင်ခြင်၍ သင့်တော်မှသာ ပြုလုပ်ခြင်းတည်း၊
(၃)ဂေါစရသမ္ပဇညဟူသည် ရုပ်နာမ်နှစ်ဖြာ လောကီခန္ဓာငါးပါးတို့၌ အမြဲမပြတ်ရှုမှတ်မှု ပြုလုပ်ခြင်းတည်း၊
(၄) အသမ္မောဟသမ္ပဇညဟူသည် ရုပ်နာမ်နှစ်ဖြာ လောကီခန္ဓာငါးပါးတို့၌ မမြဲ ဆင်းရဲ အစိုးမရ (အနိစ္စ ဒုက္ခ အနတ္တ)လက္ခဏာရေးသုံးပါး သဘောတရားတို့သည် ပြက်ပြက်ထင်ထင် ဉာဏ်၌သက်ဝင်ခြင်းတည်း။

အကျိုးရှိလား၊ မရှိလား၊ စဉ်းစားတာကသာတ္ထက။
သင့်တော်ရဲ့လား၊ မတော်လား၊ စဉ်းစာတာကသပ္ပါယ။
ရုပ်ဓာတ်နာမ်ဓာတ်၊ စဉ်မပြတ်၊ ရှုမှတ်တာကဂေါစရ။
မမြဲဆင်းရဲ၊ ရုပ်နာမ်ပဲ၊ အသိကွဲတာကအသမ္မောဟ။

သတိမာ-ဖြင့် ကာယ, ဝေဒနာ, စိတ,္တ ဓမ္မ သတိပဋ္ဌာန်ကမ္မဋ္ဌာန်း အာရုံလေးပါးတို့ကို သိမ်းဆည်းတတ်သောသတိနှင့် ပြည့်စုံရမည့်အင်္ဂါကို ပြ၏၊
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ-ဖြင့် သတိပဋ္ဌာန်ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအာထုတ်ခြင်း၏ လက်ငင်းမုချပစ္စုပ္ပန်အကျိုးကိုပြ၏၊
အဓိပ္ပါယ်အားဖြင့် သတိပဋ္ဌာန်ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းကြောင့် ရုပ်နာမ်နှစ်ဖြာ လောကီခန္ဓာငါးပါးတို့၌ ကပ်ငြိစွဲလန်းတတ်သော အဘိဇ္ဈာဒေါမနဿ အစရှိသော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်, ၀ိက္ခမ္ဘနပဟာန်နှစ်ပါးဖြင့် ပယ်ဖြောက်နိုင်ခြင်းအကျိုးရှိ၏၊

အချိန်ကာလအပိုင်းအခြား
ဒိဋ္ဌေ၀ ဓမ္မေ အညာ, သတိ ၀ါ သဥပါဒိသေသေ အနာဂါမိတာ- ဖြင့် သတိပဋ္ဌာန်ဝိပဿနာအလုပ်ကို အများဆုံး(၇)နှစ် အနည်းဆုံး(၇)ရက် မပြတ်မလပ် ရှုမှတ်ပွါးများအားထုတ်ပါက မျက်မှောက်ဒိဋ္ဌ ယခုပစ္စုပ္ပန်ဘ၀၌ပင် ကိလေသာကုန်ခန်း ရဟန္တာဖြစ်နိုင်၏၊ ရဟန္တာမဖြစ်သော် အနာဂါမ်အရိယာဖြစ်နိုင်သည် ဟုပြ၏၊
ဤပါဠိစကားသည် နေယျပုဂ္ဂိုလ်ကိုသာ ရည်ရွယ်၍ဆိုသော သန္ဓာယဘာသိတစကား ဖြစ်၏၊ မှန်၏၊ တရားထူးရရှိသူ အရိယာပုဂ္ဂိုလ်တို့သည် ရှေးရှေးဘ၀က ဆည်းပူးဖြည့်ကျင့်ခဲ့သော ပါရမီအမျိုးအစားတို့ ကွဲပြားခြားနား၍ သိမြင်ပုံဉာဏ်ပညာ ကွဲပြားခြားနားကြ၏၊
တရားထူးကိုသိမြင်ရာ၌် ပုဂ္ဂိုလ်အမျိုးအစားတို့သည် ဥဂ္ဃဋိတညူပုဂ္ဂိုလ်,၀ိပဉ္စိတညူပုဂ္ဂိုလ်, နေယျပုဂ္ဂိုလ်, ပဒပရမပုဂ္ဂိုလ် အားဖြင့် (၄)ယောက်ရှိ၏၊ ထိုတွင်-
(၁) ဥဂ္ဃဋိတညူပုဂ္ဂိုလ်ဟူသည် အကျဉ်းချုပ်ဟောကြားရုံမျှဖြင့် တရားသိမြင်သော ပုဂ္ဂိုလ်တည်း၊
(၂) ၀ိပဉ္စိတညူပုဂ္ဂိုလ်ဟူသည် အကျယ်ဖွင့်ပြဟောကြားမှ တရားသိမြင်သောပုဂ္ဂိုလ်တည်း၊
(၃) နေယျပုဂ္ဂိုလ်ဟူသည် လက်တွေ့ကျင့်ကြံမှ တရားသိမြင်သောပုဂ္ဂိုလ်တည်း၊
(၄) ပဒပရမပုဂ္ဂိုလ်ဟူသည် ယခုဘ၀ တရားအားထုတ်သော်လည်း တရားထူးမရ ပါရမီဖြစ်ရုံမျှသောပုဂ္ဂိုလ်တည်း၊

အကျဉ်းချုပ်မျှ၊ ဟောဖော်ပြ၊ သိကဥဂ္ဃဋိ။
အကျယ်ဖွင့်ပြ၊ ဟောပြောမှ၊ သိက၀ိပဉ္စိ။
လက်တွေ့ကျင့်မှ၊ တရားရ၊ နေယျခေါ်လေဘိ။
ယခုဘ၀၊ မသိရ၊ ပဒပရမခေါ်လေဘိ။
ပါရမီကွဲပြား၊ ဥာဏ်ခြားနား၊ တရားရပုံလေးမျိုးရှိ။

ထို့ကြောင့် ဤမဟာသတိပဋ္ဌာနသုတ်လာ အများဆုံး(၇)နှစ် အနည်းဆုံး(၇)ရက် ကျင့်ကြံ ကြိုးကုတ် ပွါးများအာထုတ်က အနာဂါမ် ရဟန္တာဖြစ်နိုင်သည်ဟူသောပါဠိတော်အဆိုသည် တတိယအဆင့် နေယျပုဂ္ဂိုလ်ကို သာရည်ရွယ်၍ ဟောသောသန္ဓာယဘာသိတ ဒေသနာတော်စကားဖြစ်သည်၊
ဉာဏ်ပညာကြီးမားသော ဥဂ္ဃဋိတညူပုဂ္ဂိုလ် ၀ိပဉ္စိတညူပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်အလုပ်ကျင့်ကြံကြိုးကုတ် ပွါးများအားထုတ်ပါက တစ်နေ့ တစ်ရက်, တစ်နာရီ, တစ်မိနစ်, တစ်စက္ကန့်အချိန်အတွင်းမှာပင် မဂ်ဖိုလ်နိဗ္ဗာန်တရားထူးကို ရရှိနိုင်ပါသည်။

ဤသို့လျှင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဘဒ္ဒန္တဒေါက်တာဉာဏိဿရ (D.Litt) (Ph.D) သီတဂူဆရာတော်ကြီး၏ (၇၁)နှစ်ပြည့် ၀ိဇာတမင်္ဂလာအခါသမယ၌ ဆရာတော်ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ မဟာသတိပဋ္ဌာနသုတ်ဟောကြားခဲ့သော ကမ္မာသဒမ္မ(ကမ္မာသဓမ္မ) နိဂုမ်းတည်ရှိရာ အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီရှိ ဒေလီတက္ကသိုလ်ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း ရေးသားအပ်သော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်ကို နိဂုံးကမ္ပတ် အဆုံးသပ်လိုက်ပါသတည်း။

ဘဒ္ဒန္တ သိရိန္ဒ
မဟာဝိဇ္ဇာ (ဒေလီ)
သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ
ဒဂုံပရိယတ္တိစာသင်တိုက်
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။


ဆက်ဖတ်ပါဦး....

အနောက်ကိုမျှော် သီတဂူလရောင်တွေ့ မယ်နော်

ကလင်ကလင်…ဖုန်းမည်သံကြား၍ ကောက်ကိုင်လိုက်၏။ တက္ကဆက်ပြည်နယ် သီတဂူကျောင်းမှာ ဦးအရိယ၏ ဖုန်းဖြစ်သည်။ ဦးဇင်းကို ဆရာတော်မွေးနေ့ပွဲ ပင့်ချင်လို့ပါတဲ့။ မတ်လ ၂၂ ရက်နေ့ မှာ အော်စတင်မြိုရှိ ဆရာတော်၏ ကျောင်းမှာ ကျင်းပမည်ဖြစ်သည်။ မိမိလည်း အမေရိကန်ရောက်ခါစလည်းဖြစ်နေ ဆရာတော်မွေးနေ့ နှင့်လည်းတိုက်ဆိုင် သုံးလကျော်ကျော် မီနီဆိုးတားဆောင်းတွင်းကြောက်၍ ကျောင်းတွင်း အောင်းနေရသောကြောင့် ခရီးထွက်ဖို့ လမ်းကြောင်းရသွားသလို ဖြစ်သွားသည်။ မပင့်ခင်ကတည်းက ဆရာတော်မွေးနေ့ကိုသွားဖို့ စိတ်ကူးထားပြီးသား ဖြစ်နေသည်။ မတ်လ ၁၀ရက်နေ့ တနင်္လာနေ့မှာ မိမိသည် တက္ကဆက်ပြည်နယ်အော်စတင်မြို့ရှိ သီတဂူကျောင်းကို ညနေပိုင်း ၇နာရီလောက်ရောက်ခဲ့သည်။ အော်စတင်မြို့သို့ လေယာဉ် ဆင်းခါနီး အပေါ်ကနေ မြို့ရှုခင်းကို ကြည့်ကတည်းက စစ်ကိုင်းမြို့ရဲ့အငွေ့အသက်နှင့် တထပ်တည်းခံစားမိသလိုလိုပါပဲ။ မြန်မာပြည်ကို သတိယစိတ်များ ပေါ်လာတော့၏။ မြေနိမ့်မြေမြင့် မညီမညာတောင်တန်းများ ခြောက်သွေ့သွေ့ မြက်ခြောက်စိမ်းလေးများကို ကားလမ်းဘေးတလျောက် မြင်နေရသည်။ သီတဂူကျောင်းသည် အဝေးပြေးလမ်းမဘေး၊ အော်စတင်မြို့နှင့် မနီးမဝေးမှာတည်ရှိသည်။ ကျောင်းအတွင်းကို ၀င်လိုက်သည်နှင့် သီတဂူတက္ကသိုလ်ထဲ ရောက်သွားသလို စိတ်ခံစားမှုဖြစ်ပေါ်လာ၏။ မိဘအိမ်ကို ပြန်ရောက်သွားသလိုပါပဲ။ အေးမြသောသစ်ရိပ်၊ တကျီကျီဟစ်အော်နေသော ကျေးငှက်အသံလေးများဖြင့် သီတဂူကျောင်းသည် သာယာလှပ၍နေသည်။ အေးမြသော အော်စတင်မြို့၏ ဆောင်းတွင်းသည် စစ်ကိုင်းဆောင်းရာသီကဲ့သို့ နှင်းရည်တစိုစို ချမ်းအေးလှပါ၏။ ၁၆ဧကကျယ်ဝန်းသော ကျောင်းဝိုင်းကြီးသည် သစ်ပင်များနှင့် ပြည့်နှက်နေပေသည်။ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် တရားထိုင်လိုသူများအတွက် တယောက်စာ ကျောင်းငယ်လေး (၈)ဆောင် တည်ဆောက်ထားသည်။ မကြာမကြာ တရားစခန်းများ ဖွင့်လှစ်ပေးကာ မြတ်ဗုဒ္ဓ၏တရားတော်များကို အရှင်အရိယဓမ္မမှ ဟောကြား ပြသလျက်ရှိပါသည်။ မနက်တကြိမ် ညနေတကြိမ် သမင်လေးများ ကျောင်းအတွင်းသို့ လာရောက် အစာလာစားသည်ကလည်း သီတဂူကျောင်း၏ မေတ္တာဓာတ် အရှိန်အ၀ါ ကြီးမားခြင်းပင်ဖြစ်သည်။ ၁၉၉၆-ခုနှစ် မတ်လ-၂၉ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့သော အော်စတင်မြို့ ရှိ သီတဂူကျောင်းတော်သည် ယခုအခါ ၁၂ နှစ်ခရီးသို့  ရောက်ခဲ့ပါပြီ။ မကြာမှီ်မှာပင် ရွှေစည်းခုံစေတီတော်ကြီးကို တည်ဆောက်တော့မည်ဖြစ်၍ အမေရိကရှိ မြန်မာလူမျိုးအားလုံး မြန်မာပြည်အလွမ်းပြေ ပုဂံမြေကိုရောက်သွားသကဲ့သို ဖူးမျှော်နိုင်ကြမည်ဖြစ်သည်။ သီတဂူလမင်း၏ အလင်းရောင်သည် အရှေ့ရပ်ရှိ စစ်ကိုင်း တောင်ရိုးတွင် သီတဂူဆေးရုံနှင့် သီတဂူရေအလှူတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပေါ်ထွက်လာသကဲ့သို့ စစ်ကိုင်းတောင်ရိုးနှင့် အလားတူသော အနောက်အရပ်ရှိ တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင်လည်း သီတဂူလရောင် ထွန်းလင်းနေပါပြီ။ တောက်ပနေပါပြီ။ သီတဂူကြယ်စင်လေးများလည်း အရှေ့အရပ်နှင့် အနောက်အရပ် ဒေသများတွင် သီတဂူလမင်းကြီးကို ၀ိုင်းရံလျက် ရှိနေပါပြီ…။ တိမ်ညိုတိမ်တိုက်များ ကင်းစင်သော ပြာလဲ့လဲ့ ကောင်းကင်ပြာအောက်မှာ ၀ိုင်းစက်စက်လ၀န်းကြီး ကြယ်တာရာအပေါင်း ခညောင်း တောက်ပနေသကဲ့သို့ သီတဂူလမင်းကြီးသည်လည်း သီတဂူကြယ်စင် သီတဂူကြယ်တာရာအပေါင်း ခညောင်းတောက်ပနေပါပြီ၊ အရှေ့ ကိုမျှော်ကြည့်မလား သီတဂူလမင်း ထိန်ထိန်လင်းနေသကဲ့သို့ အနောက်ကိုမျှော်မလား သီတဂူလရောင်၊ ထွန်းပြောင်နေပါပြီ၊

သီတဂူလမင်းကြီး၏ (၇၁) မြောက်မွေးနေ့ မှသည် နှောင် နှစ်ပေါင်းများစွာ မြူမှုန်ကင်းစွာ ဝေဖြာလင်းနိုင်ပါစေဟု ဆုမွန်ကောင်းပြုရင်းဖြင့် သီတဂူလမင်းကြီးအား ဦးညွတ်ပါ၏။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။

ကေလင်း (မေပယ်ဝု)

ဆက်ဖတ်ပါဦး....

ကမ္ဘာမရှိသောနေ့

သီတဂူဆရာတော် ပို့သလေ့ရှိသော “သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ” ဟူသော မေတ္တာပို့ကို ဂုဏ်ပြုသော အားဖြင့် ဆရာတော်၏ ၇၁နှစ်မြောက် မွေးနေ့တွင် မေတ္တာနှင့် ပတ်သက်သော ဆောင်းပါးဖြင့် ဆရာတော့်ကို ပူဇော်အပ်ပါသည်။
လောက၌ သတ္တ၀ါတိုင်း ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းတို့ကို မွတ်သိပ်စွာ လိုလားတောင့်တကြကုန်၏။ ထို့ကြောင့် ထိုကဲ့သို့ ချမ်းသာအောင် ပြုလုပ်ဆောင်ရွက်ပေးသူတို့ကို လူအများ ချစ်ခင် လေးစားကြကုန်၏။ သို့ဖြစ်၍ မိမိလည်း ချမ်းသာ သူတပါးတို့ကိုလည်း ချမ်းသာမှု ပေးနိုင်သော မေတ္တာကို မကြိုက်သူ မရှိပါချေ။

အသိဉာဏ်ရှိသော လူသားတို့သည် ကနဦးအစ ကမ္ဘာကို တည်ထောင်ကြရာ၌ အားလုံး အကြိုက်တူညီသော ၀ါဒတစ်ခုကို လိုက်နာကျင့်သုံးခဲ့ကြ၏။ ထိုကမ္ဘာလူသားတို့ တည်ထောင်ချမှတ်ခဲ့သော ၀ါဒကား အခြားမဟုတ်ပေ။ မေတ္တာဝါဒပင် ဖြစ်သည်။

ကမ္ဘာပျက်တော့မည်ကို လောကဗျူဟာနတ်တို့သည် အနှစ်တစ်သိန်းကပင် ကြိုတင်သိမြင်ကာ ကမ္ဘာလောကတစ်ခုလုံး လှည့်လည်ကာ “အို အချင်းတို့ မေတ္တာတရားကို ပွားများကြပါကုန်လော” စသည်ဖြင့် ကြွေးကြော်ကြ၏။ ယင်းသို့ လောကဗျူဟာနတ်တို့၏ နှိုးဆော်မှုကြောင့် မေတ္တာပွားရာ သေလွန်သောအခါ ကမ္ဘာပျက်ဘေးကြီးလွတ်ရာ ဗြဟ္မာ့ပြည်၌ ဖြစ်ကြရ၏။

ဤသည်တို့ကို ထောက်ဆ၍ ကမ္ဘာကြီးစတင်ရာ ကာလ၌လည်း မေတ္တာဖြင့်ပင် စတင်ခဲ့ရသည်ကို တွေ့ရ၏။ ကမ္ဘာကြီးနိဂုံးချုပ်ရာ ကာလ၌လည်း မေတ္တာဖြင့်ပင် နိဂုံးချုပ်ရမည်ကို တွေ့ရ၏။ သို့ဖြစ်၍ မေတ္တာနှင့် ကမ္ဘာသည် ၀န်နှင့်အား လေးနှင့်မြှားကဲ့သို့ ခွဲခြား၍ မရကောင်းပါချေ။ မေတ္တာမရှိသောနေ့သည် ကမ္ဘာမရှိသော နေ့ပင်တည်း။

ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသော အခါ မေတ္တာတရားသည် သဗ္ဗညုတဉာဏ်ကို မှီခိုခွင့်ရသဖြင့် တောက်ပြောင်ကျယ်ပြန့်လာခဲ့၏။ သာသနာပအခါ၌ မေတ္တာ တရားသည် ဗြဟ္မာ့ပြည်အထိသာ ပို့ဆောင်ပေးနိုင်ခဲ့၏။ သာသနာတွင်း အခါ၌ကား မေတ္တာတရားကို အခြေခံပြီး အရဟတ္တဖိုလ်ထိအောင် ပင်မအင်အားကြီးအဖြစ် ရပ်တည်လာနိုင်ပေသည်။ ယင်းသို့ ပင်မအင်အားကြီး ဖြစ်လာအောင် ပွားများရမည့် တရားများမှာ…
(၁) အာသေ၀ိတ
ရောဂါရှိသူသည် ရောဂါပျောက်မည့်ဆေးကို လေးလေးစားစား မှီဝဲသကဲ့သို့ မေတ္တာတရားကို လေးလေးစားစား မှီဝဲရမည်။
(၂) ဘာဝိတ
သူတပါးတို့ကို ချမ်းသာစေလိုသော မေတ္တာစစ်ကို တိုးပွားအောင် ပြုလုပ်ရမည်။
(၃) ဗဟုလီကတ
တစ်ကြိမ်နှစ်ကြိမ်မျှသာ မဟုတ်ဘဲ ကြိမ်ဖန်များစွာ ပွားများရမည်။
(၄) ယာနီကတ
လိုရာခရီးသို့သွားရန် နွားကို လှည်း၌ တပ်ဆင်ထားသကဲ့သို့ စိတ်၌ မေတ္တာကို အမြဲတမ်း တပ်ဆင်ထားရမည်။
(၅) ၀တ္ထုကတ
လူတို့သည် အစာအာဟာရတို့ကို တည်ရာမှီရာအဖြစ် ပြုလုပ်သကဲ့သို့ မေတ္တာကိုလည်း မိမိ၏ တည်ရာမှီရာဖြစ်အောင် ပြုလုပ်ရမည်။
(၆) အနုဋ္ဌိတ
အသက်ရှင်သမျှ ကာလပတ်လုံး အစဉ်မပြတ် တည်နေစေရမည်။
(၇) ပရိစိတ
အထက် အောက် ဖီလာ အပိုင်းအခြားမရှိစေဘဲ ထက်ဝန်းကျင်တစ်ခုလုံးသို့ ပို့လွှတ်ရမည်။
(၈) သုသမာရဒ္ဓ
မိမိသူတပါး ငြိမ်းချမ်းစေရန် ကောင်းစွာ အားထုတ်၍ မေတ္တာပို့ရမည်။

အထက်ပါ ၈ပါးတို့တွင် တစ်ပါးပါးနှင့်ပြည့်စုံလျှင်ပင် သိဒ္ဓိပေါက် အောင်မြင်သော မေတ္တာဟု ဆိုနိုင်ပါသည်။
ယနေ့ကမ္ဘာတွင် အနုမြူဗုံး စမ်းသပ်ရာမှ အဆိပ်များ စက်ကိရိယာ လောင်စာ ဓာတ်ငွေ့များသည် မြေရေနှင့် လဟာပြင်တစ်ခုလုံး ပြန့်ပွားနေရာ ရှုရှိုက်သော လေ သောက်သုံးသောရေကအစ အန္တရာယ်များလှပေသည်။ ကမ္ဘာကြီးသည် အဆိပ်ကမ္ဘာကြီးနီးပါး ဖြစ်နေလေပြီ။ ၄င်းအဆိပ်ကမ္ဘာကြီးအတွက် နောက်ဆုံးဆေးကား လက်နက်အမျိုးမျိုး အန္တရာယ်အမျိုးမျိုးတို့ကို ချေဖျက်ပေးစွမ်းနိုင်သော မေတ္တာဆေးတော်ကြီးမှလွဲ၍ အခြားမရှိပါချေ။ မီးကို ငြှိမ်းသတ်နိုင်သည်မှာ ရေသာလျှင် ဖြစ်ပါသတည်း။

စာဖတ်သူ၏ မေတ္တာကြောင့် ကမ္ဘာသူကမ္ဘာသားအားလုံး
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ ။

ဦးဌေးလှိုင်၏ မေတ္တာဝါဒကို အခြေခံ၍ ရေးသားပါသည်။

အရှင်ဇာဂရ (နတ်မောက်)
ဒေလီတက္ကသိုလ်
နယူးဒေလီ
အိန္ဒိယ

ဆက်ဖတ်ပါဦး....

ဘာသာ နှင့် ပညာ

ဒေလီတက္ကသိုလ် Buddhist studies Department မှာ MA(1st year) အတွက် Language class သုံးခု Philosophy class နှစ်ခု History class နှစ်ခု Engaged Buddhism classတစ်ခုဆိုပြီး class ၈-ခု နေ့စဉ်တက်နေရပါတယ်၊ Language classတွေကတော့ ဗုဒ္ဓဘာသာစာပေ အထွန်းကားဆုံးဖြစ်နေတဲ့ဘာသာတွေဖြစ်တဲ့ ပါဠိ သက္ကတ ပါကတ တိဘက်နဲ့ တရုပ်ဘာသာတွေကို သင်ပေးပါတယ်၊Engaged Buddhism class မှာ ခေတ်မှီပြီး ရှင်သန်တဲ့ဘာသာဖြစ်အောင် နိုင်ငံရေး လူမှုရေး ပညာရေး စီးပွားရေးတွေမှာ အများအကျိုးပြုလုပ်ငန်းများ စံပြပြုလုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်းနဲ့ လုပ်ပုံလုပ်နည်းတွေကို သင်ပေးပါတယ်၊ အဲဒီဘာသာတွေမှာ အထူးပြောစရာမရှိပေမဲ့ ဗုဒ္ဓဘာသာသမိုင်းနဲ့ အတွေးအခေါ်တွေကို (ဟိန္ဒူ)ဆရာတွေ ပို့ချရာမှာတော့ ပညာရှင်တွေ ဖြစ်တာကတကြောင်း အစွဲမရှိတာကတကြောင်းကြောင့် အများအားဖြင့် ကောင်းပေမဲ့ တချို့နေရာတွေမှာ မိမိတို့အမြင်နဲ့ မတိုက်ဆိုင်တာလေးတွေ တွေ့ရတတ်ပါတယ်၊ ဒါကြောင့် Philosophy နဲ့ History classတွေ တက်နေရင်း အတွေးတွေ အလိုလို ပေါ်လာခဲ့ပါတယ်၊ ပိဋကတ်အခြေခံ ရှိပြီးသူတွေအနေနဲ့ စဉ်းစားတတ်ပေမဲ့ အခြေခံမရှိသူတွေ အနေနဲ့ ဆရာပြောတဲ့အတိုင်းပဲ မှတ်သွားမှာကို စိုးရိမ်မိလာမိပါတယ်၊ ဒါကြောင့်ပဲ သီတဂူဆရာတော်က ‘‘ပိဋကတ်လဲဖောက်ကြ ပြင်ပဗဟုသုတလည်း လေ့လာကြ အင်္ဂလိပ်လဲလုပ်ကြ’’လို့ အမြဲလိုလို သတိပေးခဲ့တာပါ၊ ဒါနဲ့ပတ်သက်ပြီး professor K.T.S Sarao ရဲ့ History ပို့ချရာမှာပြောခဲ့တဲ့အောက်ပါအချက်အလက်တွေကို ဥပမာအနေနဲ့ ကြည့်ပါ၊
၁။ ဇာတ်အဋ္ဌကထာထဲက ကပိလ၀တ္ထုပြည်တော်ပြန်ခန်းမှာ မြတ်စွာဘုရားနဲ့အတူ ရဟန်းတွေတင်မက ရဟန်းမတွေလဲပါတဲ့အတွက် အဲဒီတုံးကကတည်းက ရဟန်းမတွေရှိပြီးသားဖြစ်တယ်၊ မိထွေးတော်ဂေါတမီ ဟာ ပထမဆုံးရဟန်းမပြုခဲ့သူမဟုတ်၊ (ဒီစကားဟာ ပါဠိ အဋ္ဌကထာ အာစရိယ၀ါဒ အတ္တနောမတိဆိုတဲ့ မဟာပဒေသလေးပါးထဲမှာ အဋ္ဌကထာထက် ပါဠိတော်က ပိုပြီးခိုင်မာတာကို ထည့်မတွက်လို့ပါ)
၂။ ၀ါတရာရပြီးလင့်ကစား ဘိက္ခုနီမတွေဟာ အောက်ထစ်ဆုံး ယနေ့မှရဟန်းပြုလာတဲ့ဘိက္ခုလေးကို ဦးချအရိုအသေပေးရမယ်-စတဲ့ ဂရုဓမ်ရှစ်ပါး နဲ့ မိန်းမတွေသာသနာတော်ထဲဝင်လာတဲ့အတွက် သာသနာ မြန်မြန်ကွယ်လိမ့်မယ်ဆိုတဲ့ စကားတွေဟာ ယောကျားကြီးစိုးရေးဝါဒီ patriarchy နောက်ခေတ်ရဟန်းတွေက မိန်းမတွေကိုနှိမ်ချင်ကြလို့ ထည့်သွင်းထားတဲ့စကားဖြစ်တယ်တဲ့၊ (ဒါဟာလဲ လောကနဲ့ သာသနာကို တန်းတူထားစဉ်းစားပြီး သာသနာတော်ရဲ့ နိဗ္ဗာန်ဦးတည်ချက် မိန်းမတို့ရဲ့ အားနည်းချက်တွေနဲ့ မိန်းမသာသနာမြန်မြန် ကွယ်သွားတာကို လစ်လျှူရှုထားတာရယ်ကြောင့်ပါ)
၃။ အရှင်ဒေ၀ဒတ်ဟာ ရဟန်းအားလုံး တောမှာသာနေဖို့ ဆွမ်းခံပဲစားဖို့ ပံ့သုကူသင်္ကန်းပဲဝတ်ဖို့ သစ်ပင်အောက်မှာပဲနေဖို့ သက်သတ်လွတ်စားဖို့ဆိုတဲ့ ဆုငါးမျိုး ဘုရားထံတောင်းတာတွေ ပထမ၀ါမှာပဲတန်ခိုးအဘိညာဉ်ရတာတွေ မင်းမျိုးမင်းနွယ်ဖြစ်ပေမဲ့ တောထဲသစ်ပင်အောက်မှာ ဆွမ်းခံပြီး သက်သတ်လွတ် တသက်လုံးစားသွားတာတွေကို ကြည့်မယ်ဆိုရင် စာပေတွေ ဗုဒ္ဓဘာသာအများစုတွေပြောနေကြသလို ဒေ၀ဒတ်ဟာ ရဟန်းယုတ်မဟုတ်၊ သူတော်ကောင်းအကြီးစား ဖြစ်နိုင်တယ်၊ (ဒီစကားဟာ အပေါ်ယံကြည့်တတ်တဲ့သူတွေအနေနဲ့ မှန်တယ်ထင်ရပေမဲ့ ဘ၀ အဆက်ဆက်က အထုံဝါသနာရယ် အနုသယဓာတ်ခံရယ် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချီးခံဆိုတဲ့သဘောတွေရယ်ကို ထည့်စဉ်းစားရင် အဖြေမှန် ရနိုင်ပါတယ်)
၎။ ဘုရားရှင်က သက်သတ်လွတ်ဝါဒကို ပယ်တယ်ဆိုတာဟာ non-vegetarian တွေက သူတို့အလိုအတိုင်းဖြစ်ဖို့ စာသားတွေထည့်ထားတာတဲ့၊ (တကယ်တော့ ကျမ်းကြည့်ရုံသာကြည့်တတ်ပြီး ကျမ်းမညှိတတ်တော့ ဓုတင်စတဲ့အကျင့်တွေနဲ့ တိကောဋိပရိသုဒ္ဓစတဲ့ အသားငါးနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်တွေကို ထည့်မစဉ်းစားပဲ နီးစပ်ရာဘာသာတွေကို ဦးစားပေးစဉ်းစားလို့ပါ)
၅။ အသောကရဲ့ ပါဋလိပုတ်နေပြည်တော်မှာ အကြမ်းတမ်းဆုံး ထောင်ကြီး ဆောက်လုပ်ထားတာတွေ ကြမ်းတမ်းတဲ့ဓာတ်ခံရှိတာတွေ အသောကကျောက်စာတွေထဲမှာ ဘုရားဟောကျမ်းဆိုလို့ သုတ်နာမည် ၇ခုပဲ ပါပြီး လေးနက်တဲ့သစ္စာ၎ပါး မဂ္ဂင်၈ပါး ပဋိစ္စသမုပ္ပါဒ်စတဲ့တရားတော်များ မပါတာတွေကို ကြည့်ရင် အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာကို လေးလေးနက်နက် ကိုးကွယ်ခဲ့သူမဟုတ်၊ အီရန် အာဖဂန်နစ်စတန် ပါကစ္စတန် အိန္ဒိယတပြည်လုံး ဘင်္ဂလားဒေ့ရှ် -ဆိုတဲ့ ကြီးမားလှတဲ့ သူ့ရဲ့အင်ပါယာကြီးကို Dhamma policy နဲ့ အုပ်ချုပ်မှ ငြိမ်သက်မှာကို သိတဲ့အတွက် ဗုဒ္ဓဘာသာအမည်ခံတာ-တဲ့၊ (တကယ် စဉ်းစားကြည့်ရင် အယူစွဲသန်လှတဲ့ ဟိန္ဒူတွေဟာ အခြားဘာသာတခုကို အုပ်ချုပ်ရေး လမ်းစဉ် အနေနဲ့ သတ်မှတ်ရင် တိုင်းပြည်ငြိမ်သက်နိုင်ပါ့မလား၊ အင်ပါယာ အကျယ်ကြီးကို အလားတူ အုပ်ချုပ်ခဲ့တဲ့ ဘိုးတော်စန္ဒဂုပ္ပတ ခမည်းတော်ဗိန္ဓုသာရတို့ဟာ ဘာဘာသာဝင်တွေလဲ၊ ဘုရားတည် ကျောင်းဆောက် ရေတွင်းရေကန်တူး သံဃာယနာတင် သာသနာပြုလွှတ် ဘုရားနဲ့ ပတ်သက်တဲ့ ထူးမြတ်တဲ့နေရာတွေကို အခေါက်ခေါက်သွား ကျောက်တိုင်စိုက် ကျောက်စာရေးစတဲ့ နံပါတ်၁ ဒါနရှင်ဖြစ်အောင်ထိ အကြီးအကျယ် ကုသိုလ်ကောင်းမှုတွေကို အမည်ခံဗုဒ္ဓဘာသာတွေ လုပ်နိုင်ပါ့မလား ဆိုတာတွေကို ထည့်စဉ်းစားသင့်ပါတယ်)
ဘာသာတရားကို အခြေမခံတဲ့ ပညာရေးဟာ လမ်းလွဲသွားတတ်ပြီး ပညာမပါတဲ့ဘာသာရေးဟာလဲ အကန်းဖြစ်သွားတတ်ပါတယ်၊ (ဒီမှာ ဘာသာဆိုတာက အခြားဘာသာတွေလို ယုံကြည်ကိုးကွယ်မှုကိုဆိုလိုတာပါ၊ တကယ်ပြောရရင် ဗုဒ္ဓဘာသာဟာ သီးသန့်ဘာသာတခုမဟုတ်ပါဘူး၊ အသိနဲ့အကျင့်သက်သက် ပါ) စာနဲ့ပြောရရင် သဒ္ဓါလွန်ရင် စွန့်တယ် ပညာလွန်ရင် ကွန့်တယ် ပေါ့၊ ဒါကြောင့် သဒ္ဓါ(ဘာသာ) နဲ့ ပညာ ညီမျှဖို့အရေးကြီးပါတယ်၊
လောကမှာအစစ်ရှိရင် အတုရှိစမြဲပါ၊ ဗုဒ္ဓဘာသာမှာလဲ ဘုရားဟောတဲ့ ပါဠိတော်ဆိုရင် အပြစ်ပြောစရာမရှိပေမဲ့ အဖွင့်ကျမ်းတွေနဲ့ ဆရာ့ဝါဒတွေမှာ အမှားပါလာတတ်ပါတယ်၊ လောကမှာ အခက်ခဲအနက်နဲဆုံးဟာ ဘုရားစကားတော်ပဲမဟုတ်လား၊ သီလေ ပတိဋ္ဌာယ နရော သပ္ပညော-ဂါထာ တစ်ပုဒ်ထဲကိုပဲ ၀ိသုဒ္ဓိမဂ် နှစ်အုပ်ဖွင့်ယူရတယ်လေ၊ ဒါတောင် ပြည့်စုံပြီလို့ မဆိုနိုင်သေးဘူး၊ ဘာသာတရား(ယုံကြည်မှု)အားသန်နေရင် တွေ့သမျှ ပြောသမျှ အားလုံးအမှန်ထင်ပြီး ဘာမှမမြင်နိုင်တဲ့ အကန်း ဖြစ်သွားနိုင်တယ်၊ ဒါကို အမြဲသတိထားသင့်ပါတယ်၊ ပညာစုံတဲ့သူ ဘုရားကလွဲလို့ ဘယ်သူမှမရှိ ဘူးလေ၊ ဒါကြောင့် ဘယ်တော့မှမရပ်ပဲ ဆက်လက်လေ့လာသင့်ပါတယ်၊ ၀ိနည်းကိုးခေါက်ပေါက်တာတောင် အားမရသေးလို့ ကျောင်းမထိုင်သင့်သေး ဘူး-ဆိုတဲ့ ရှေးဆရာတော်တွေရဲ့ထုံး နှလုံးမူကြရမှာပေါ့။
အစားကောင်းအသောက်ကောင်းတောင်မှ အတွင်းဓာတ်ခံမကောင်းရင် ဆိုးကျိုးဖြစ်သွားတတ်ပါတယ်၊ ပညာရေးမှာလဲ ဘာသာရေးဓာတ်ခံမပါခဲ့ရင် (စာပေမသင်ခဲ့လျှင်) တောင်တွေးမြောက်တွေးနဲ့ လိုရင်းမရောက်ပဲ တရားကိုအမှားထင်ပြီး ဘုရားနဲ့ သံဃာကိုပါ စွတ်စွဲမိတတ်ပါတယ်၊ ဗုဒ္ဓဘာသာမှာ ဆုံးဖြတ်နိုင်ဖို့ရာ ပိဋကတ်ဆိုတဲ့ တရားမဏ္ဍိုင်ရှိတာကိုက အားရှိစရာပါ၊ အစစ်မှန်ဆုံးဗုဒ္ဓတရားတော်မှ အမှန်မမြင်နိုင်ရင် ဘယ်တရားကို ချီးမွမ်းခန်း ထုတ်နိုင်တော့မှာလဲ၊ မိဘကိုမှ ဆော်ကားရဲရင် ဘယ်သူ့အပေါ်မှ အကောင်းမမြင်နိုင်တော့ဘူး-ဆိုသလိုပေါ့၊ ဒါကြောင့် ဘာသာရေးစာပေကို သေချာသင်ယူပြီး ကိုယ့်သန္တာန်မှာ ဘာသာခိုင်အောင်အရင်လုပ်သင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဆရာတော်ရဲ့မွေးနေ့မှာ ဆရာတော်အမိန့်ရှိသလို ဘာသာတရားအခြေခံကောင်းအောင် ပိဋကတ်စာပေကိုလဲ လေ့လာနိုင် ကြပါစေ၊ အမြင်ကျယ်မှုရှိအောင် အမှန်စစ်စစ်သိအောင် လောကအမြင်ကို ဂရုစိုက်ပြီး ပညာရေးကိုကြိုးစားသင်ယူနိုင်ကြပါစေ၊ ဘာသာနဲ့ ပညာ ညီညီမျှမျှနဲ့ ထိပ်ဆုံးရောက်အောင် ကြိုးစားနိုင်ကြပါစေ-လို့ ဆုမွန်ချွေသရင်း - - - - - - -

သီဟ(သဲကုန်း)


ဆက်ဖတ်ပါဦး....

ရက်ပေါင်းကုဋေကုဋာ မမေ့နိုင်ပါ

အချိန်ကား ည (၈)နာရီ၊ မိနစ်(၃၀) ရှိပြီဖြစ်သည်။ တယ်လီဖုန်းသံသည် ညှင်သာစွာ မည်လာသောကြောင့် ကောက်ကိုင်လိုက်ရာ မောင်ကိတ္တိဗလထံမှ ဖြစ်သည်၊ မောင်ကိတ္တိရေ ဘာကိစ္စလဲဟု မေးသောအခါ မောင်ကိတ္တိက ဦးပဉ္စင်း ဆရာတော် အမိန့်ရှိလိမ့်မည် ဦးပဉ္စင်း ဆရာတော်ထံ ဖုန်းဆက်လိုက်ပါလို့ စာရေးသူကို ပြောလာပါသည်။ အဲဒါကြောင့် စာရေးသူသည် တုန့်ဆိုင်းခြင်းမရှိ ဟုတ်တိုင်းသိရအောင် မဆိုင်းဘဲ သီတဂူဆရာတော်ထံကို ဖုန်းဆက်ခဲ့ရပါသည်။ အဲဒီတော့ သီတဂူဆရာတော်က ငါ့တပည့် မင်းရယ်၊ မောင်သုန္ဒရ ရယ်၊ မောင်ကုမာရ ရယ်၊ ပြီးတော့ မောင်သဇ္ဇနရယ် မင်းတို့လေးယောက် လာမည့် ဖေဖေါ်ဝါရီလ (၀၃-၀၂-၀၈) ငါ ဘုရားဖူးဧည့်သည် (၇၀)လောက်နဲ့ လာခဲ့မည်၊ အဲဒါကြောင့် မင်းတို့အားလုံး ခါးတောင်းကြိုက်ပြီး မောင်းတင်ထားကြဟု အမိန့်ရှိခဲ့ပါသည်။ မှန်ပါ့ဆရာတော်ဘုရား ဆရာတော် အမိန့်ရှိသည့်အတိုင်း ဘုရား တပည့်တော်တို့ လိုက်နာဆောင်ရွက်ပါ့မည့်ဘုရားဟု ကတိပေးခဲ့ရပါသည်။ သက်တော်အားဖြင့် (၇၀)ကျော်ပြီဖြစ်သော သီတဂူဆရာတော်သည် မိမိ၏ ကိုယ်စိတ်နှစ်ပါး ပင်ပန်းမှုကို ပဓာနမထားဘဲ တိုင်းပြည်အကျိုး၊ သာသနာတော်အကျိုးနှင့် ပရဟိတလုပ်ငန်းများကို နေမနား ညမအား စွမ်းစွမ်းတမံ ဆောင်ရွက်နေသည်မှာ ယနေတိုင်ပင် ဖြစ်ပါသည်။ သို့အတွက်ကြောင့် စာရေးသူ၏ ဆရာတော်နှင့် လိုက်ပါလာကြသော သီတဂူဘုရားဖူးအဖွဲ့အား မိမိ၏ ဖေဖေ မေမေ ကိုကို မမ ညီလေး ညီမလေးများ လိုက်ပါပို့ဆောင်ရသည်ဟုပင် ထင်မိပါသည်၊ ၀မ်းသာမဆုံးလည်း ဖြစ်မိပါသည်။ အဲဒါကြောင့် တွေးကြည့်လျှင် ရက်ပေါင်း ကုဋေကုဋာပင် မေ့နိုင်တော့မည် မဟုတ်ပါ၊ မမေ့နိုင်ပါ။
အဲဒီလိုနဲ့ပဲ သီတဂူဘုရားဖူးအဖွဲ့ အိန္ဒိယနိုင်ငံသို့ ဘုရားဖူး စတင်ထွက်ခဲ့ကြပါပြီ၊ (၀၃-၀၂-၀၈) ရန်ကုန်မှ ညနေ(၇း၄၅)အချိန်မှာ တီဂျီ(၃၀၆) ထိုင်းလေကြောင်းဖြင့် စတင်ထွက်ခွါ၍ ဘန်ကောက်-ကာလကတ္တားသို့ (၀၄-၀၂-၀၈)နေ့ နံက် (၀၀း၄၅)မိနစ်တွင် ဆိုက်ရောက်လာရာ စာရေးသူ၊ မောင်ကုမာရနှင့် ကိုဖီးလစ်တို့က ကားများဖြင့် ကြိုဆို၍ ကာလကတ္တားရှိ ဟော်တယ်နှစ်တွင် ခေတ္တ နားနေစေပြီး နေ့လည် (၁၂း၃၀)အချိန်တွင် ကာလကတ္တားမှ အင်ဒီဂို အိန္ဒိယလေကြောင်းဖြင့် တရိပူရပြည်နယ်၊ အာဂတ္တလာမြို့သို့ ထွက်ခွါခဲ့ရာ (၀၁း၁၅)အချိန်တွင် အာဂတ္တလာလေဆိပ်သို့ ရောက်ရှိကြရာ ဒေါက်တာ ဓမ္မပိယနှင့် တပည့်ဒကာ ဒကာမများက ကားများဖြင့် ကြိုဆိုကြပါသည်။ ထိုမှတဆင့် ကီလိုမီတာ(၁၄၀)ဝေးကွာသော မနုဗန်ကူရွာသို့ ခရီးဆက်ခဲ့ရာ လမ်းခရီးတစ်လျှောက်ရှိ ကျေးရွာများစွာမှ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတို့က ပန်း၊ ဆီမီးတိုင်တို့ဖြင့်ပူဇော်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိစသည်ဖြင့် ရွတ်ဆိုကြလျက် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရ၍ ၀မ်းသာမဆုံးဖြစ်ခဲ့ရပါသည်။ စာရေးသူ၏ စိတ်ထဲတွင် အိန္ဒိယသာသနာ အမှန်တကယ် ကျန်ရှိနေသေးသလားဟုပင် ထင်မိပါသည်။ ည(၀၈း၃၀)မိနစ်တွင် ဓမ္မဒီပကျောင်းသို့ ရောက်ရှိခဲ့ကြပါသည်။ ၄င်းဓမ္မဒီပကျောင်း၌ နှစ်ညဥ့်မျှ တည်းခိုပြီး၊ ရွှေစည်းခုံစေတီတော် အုတ်မြစ်စီခြင်း၊ ခဏ္ဍသိမ်တော် အုတ်မြစ်စီခြင်းနှင့် အလှူငွေပေးအပ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ၄င်းရွှေစည်းခုံ စေတီတော်အတွက် အလှူငွေ ဒေါ်လာ (၃၀,၀၀၀)နှင့် ခဏ္ဍသိမ်တော်အတွက် ဒေါ်လာ (၅,၀၀၀)တို့ကို သီတဂူဆရာတော် ဦးဆောင်သော ဘုရားဖူးအဖွဲ့မှ လှူဒါန်းခဲ့ပြီး၊ ရေစက်ချ အနုမောဒနာတရားကိုလည်း သီတဂူဆရာတော်ကပဲ ချီးမြှင့်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဓမ္မဒီပကျောင်းတွင် ရဟန်း၊ သာမဏေပေါင်း(၁၈၀)ကျော် သီတင်းသုံးလျက်ရှိပါသည်။ အဲဒီမှာ သီတဂူဆရာတော် အမိန့်ရှိသည်မှာ ဒေါက်တာဓမ္မပိယ အလွန်တော်တဲ့ ကိုယ်တော်ကွ လွန်ခဲ့သော ငါးနှစ်ခန့်က ငါတစ်ခေါက်ရောက်သေးတယ်၊ အဲဒီအခါက ဘာတစ်ခါမှ ရေရေရာရာ မရှိသေးဘူး ခုတော့ နှစ်ထပ်တိုက်ကျောင်းတွေ၊ ရဟန်းသာမဏေတွေနဲ့ အံ့မခန်းတိုးတက်နေသည် ဟု အမိန့်ရှိပါသည်။
(၀၆-၀၂-၀၈) နံက်တွင် မနုဗန်ကူရွာမှ အာဂတ္တလာလေဆိပ်သို့ ဒေါက်တာဓမ္မပိယ ဦးဆောင်သော တပည့် ဒကာ ဒကာမများက ကားများဖြင့် လိုက်ပါပို့ဆောင်ကြပါသည်။ အာဂတ္တလာမှ အင်ဒီဂို အိန္ဒိယလေကြောင်းဖြင့် ထွက်ခွါခဲ့ရာ ကာလကတ္တား-နယူးဒေလီသို့ ညနေ(၀၃း၀၀)အချိန်တွင် ရောက်ရှိကြပြီး သီတဂူတပည့် သံဃာတော်များက ကားများဖြင့် ကြိုဆိုလျက် အင်ပါရာဟော်တယ်နှင့် အမန်းပဲလေ့စ် ဟော်တယ်နှစ်ခုတွင် စနစ်တကျ နေရာချပေးကြပါသည်။ ၄င်းဟော်တယ်နှစ်ခုတွင် သုံးညတည်းခိုပြီး၊ မထုရာပြတိုက်အတွင်းရှိ ရှေးဟောင်းရုပ်ပွားဆင်းတုတော်များ ဖူးမျှော် ကြည်ညိုကြပြီး၊ တပ်ဂ်ျမဟာနှင့် အာဂရာခံတပ်၊ နယူးဒေလီ၌ မဟာသတိပဋ္ဌာနသုတ်ဟောတော်မူနေရာ၊ လို့တပ်စ်တင်းပဲလ်၊ အာရှ်ကရန်တင်းပဲလ်၊ ရာဇဂတ်၊ အိန္ဒိယဂိတ်၊ ပါလီမန်အဆောက်အဦနှင့် မြေအောက်ရထားစီးခြင်းတို့ကို သွားရောက်လေ့လာ ခဲ့ကြပါသည်။
၀၉-၀၂-၀၈) ညနေ (၄း၄၅)မိနစ်တွင် နယူးဒေလီမှ ရာဇဌာနီ မီးရထားဖြင့် ထွက်ခွါလာခဲ့ရာ မြတ်ဗုဒ္ဓပွင့်တော်မူရာ ဂယာဘူတာသို့ (၁၀-၀၂-၀၈) နံက် (၄း၁၅)မိနစ်အချိန်တွင် ရောက်ရှိကြ၍ သီတဂူမောင်သဇ္ဇနနှင့် အဖွဲ့က ကားများဖြင့် ကြိုဆိုကာ ဗုဒ္ဓဂယာ နီကိုဟော်တယ်သို့ လိုက်ပါပို့ဆောင်ကြပါသည်။ ၄င်းဟော်တယ်၌ နှစ်ညဥ့်မျှ တည်းခို၍ ဗုဒ္ဓဂယာ မဟာဗောဓိစေတီ၊ မဟာဗောဓိပင်ညောင်ပင်အောက်၌ အပရာဇိတ ပလ္လင်တို့ကို ဖူးမျှော်ကြပြီး၊ သတ္တာဟပလ္လင်္ကခေါ်သော ဇင်္ကမသတ္တာဟ အစရှိသော ခုနှစ်ဌာနတို့၌ ဗုဒ္ဓမြတ်စွာ၏ အတုမရှိ တုနှိုင်းမမှီသော ဂုဏ်တော်များအကြောင်းကို သီတဂူဆရာတော်က သီတဂူဘုရားဖူးအဖွဲ့နှင့် ကျွတ်ထိုက်သော နတ် ဗြဟ္မာအပေါင်းအား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ပါသည်။ ထိုမှတဖန် သုဇာတာ၏ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ မင်းတုန်းမင်းကျောက်စာ၊ သုဇာတာရွာ၌ ဓာတုစေတီတော်၊ ရသေ့ညီနောင် ရှင်တစ်ထောင် ချွတ်ရာနေရာ၊ ဂျပန်ဘုရားနှင့် ထိုင်းကျောင်းများကိုလည်း သွားရောက် ဖူးမျှော်ကြည်ညိုခဲ့ကြပါသေးသည်။ သီတဂူဆရာတော်သည် သူ့နေရာနှင့် သူဇာတ် လိုက်ဘက်ညီသော တရားတော်များကို ရွေးချယ်စိစစ်၍ ဟောတော်မူခဲ့ပါသည်။
(၁၂-၀၂-၀၈) နံက် (၆း၀၀)နာရီအချိန်တွင် ဗုဒ္ဓဂယာမှ ပထမသင်္ဂါယနာတင်ရာ ရာဇဂြိုဟ်မြို့သို့ ထွက်ခွါလာခဲ့ကြရာ ဂျပန်စေတီ၊ ဝေဠုဝန်ကျောင်းတော်ရာတို့ကို လေ့လာကြည်ညိုကြရပါသည်။ ထိုမှတဆင့် နာလန္ဒကျောင်းသစ်၊ နာလန္ဒကျောင်းတော်ရာတို့ကို လေ့လာခဲ့ကြရပါသည်။ ၄င်းနောက် ပတ္တနားမြို့သို့ ဆက်လက်ထွက်ခွါခဲ့ကြပြီး နီကိုဟော်တယ်တွင် ညအိပ်စက်ကြပါသည်။ (၁၃-၀၂-၀၈)နေ့တွင် လို့တပ်စ် နီကိုဟော်တယ်မှ ထွက်ခွါ၍ တတိယသင်္ဂါယနာတင်ရာ အသောကာရုံကျောင်း၊ ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီမြို့ဟောင်းတို့ကို လေ့လာပြီး၊ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံသို့ ခရီးဆက်ခဲ့ပြီး၊ ၄င်းကုသိနာရုံ၌လည်း နီကိုဟော်၌ပင် တည်းခိုကြခဲ့ကြပါသည်။
(၁၄-၀၂-၀၈) နံက်ပိုင်းတွင် ကုသိနာရုံဘုရားကို ဖူးမျှော် ကြည်ညိုပြီးနောက် ကုသိနာရုံ မြန်မာကျောင်းကိုလေ့လာခါ နီပေါနိုင်ငံ၊ ဘုရားလောင်းဖွားမြင်တော်မူရာ လုမ္ဗိနီသို့ ဆက်လက်ထွက်ခွါလာခဲ့ပြီး၊ ၄င်းလုမ္ဗိနီ၌ လုမ္ဗိနီဥယျာဉ်ဟော်တယ်တွင် နှစ်ရက်မျှတည်းခိုခဲ့ကြပြီး၊ မြတ်ဗုဒ္ဓဖွားတော်မူရာနေရာ၊ ကပိလ၀တ္ထုမြို့ဟောင်း၊ နိဂြောဓာရုံ ကျောင်းဟောင်းနှင့် ဘုရားလောင်း၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ဓာတုစေတီတော်၊ မယ်တော် မဟာမာယာ၏ ဓာတုစေတီတော်တို့ကို မျက်ဝါးထင်ထင် ဖူးမြင်ခဲ့ကြရပါသည်။
(၁၆-၀၂-၀၈) နံက်တွင် လုမ္ဗိနီမှ သာဝတ္ထိသို့ ထွက်ခွါလာခဲ့ရာ သာကီဝင်လူမျိုးများ အသစ်တည်ထောင်သော အိန္ဒိယနိုင်ငံ ကပိလ၀တ္ထုမြို့ဟောင်းကိုလည်း ၀င်ရောက်လေ့လာခါ ဗုဒ္ဓမြတ်စွာ၏ တိတ္ထိတို့ကို နှိမ်နင်းပြီး ယမကတန်ခိုးပြာဋိဟာ ရေမီးအစုံအစုံပြရာ သရက်ဖြူကုန်းရှိ ဓာတုစေတီတော်ကို ဖူးမျှော်ကန်တောပြီး ၄င်းမြို့ လို့တပ်စ် နီကိုဟော်တယ်၌ပင် တစ်ညကိန်းစက်ကြပါသည်။
၁၇-၀၂-၀၈)နံက်တွင် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်အတွင်းရှိ ဗုဒ္ဓမြတ်စွာ၏ ဂန္ဓကုဋီကျောင်းတိုက်နှင့် အာနန္ဒာဗောဓိပင်တို့ကို ရင်မောဖွယ်မဆုံး ရှိခိုးကန်တော့ကြပြီး၊ သီတဂူဆရာတော်၏ တရားဓမ္မများကိုလည်း နာကြားခဲ့ရပါသည်။ ၄င်းနောက် ဗာရာဏသီသို့ ထွက်ခွါလာခဲ့ရာ ဗာရာဏသီမြို့ အိုင်ဒီရယ်တာဝါ ဟော်တယ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုမြို့၌ တရားဦး ဓမ္မစင်္ကြာဟောရာ မိဂဒါဝုန် ကျောင်းတော်ရာ၊ ဓမ္မစင်္ကြာစေတီတော်၊ ပြတိုက်တို့ကို လေ့လာ မကုန်နိုင်အောင် ရင်သပ်ရှုမောဖွယ် ဖူးမျှော်ခဲ့ကြရပြန်ပါသည်။
(၁၉-၀၂-၀၈) ဗာရာဏသီမှ ကောသမ္ဗီပြည်၊ ခါဂျူရာဟိုသို့ ဆက်လက်ထွက်ကြရာ ဟော်တယ် ကလပ်ခ် တွင် တည်းခိုခဲ့ကြပြီး၊ (၂၀-၀၂-၀၈)နံက်ပိုင်းတွင် ခါဂျူရာဟိုရှိ ရှေးဟောင်း ဟိန္ဒူအဆောက်အဦများကို လေ့လာပြီး၊ ၊ မဒြာပရာဒေရှ်ပြည်နယ် ဆန်ချီစေတီတော်ရှိရာ ဆန်ချီရွာသို့ ခရီးဆက်ကြရပြန်ပါသည်။
(၂၁-၀၂-၀၈)နံက်တွင် ဆန်ချီစေတီတော်ကို သွားရောက်ဖူးမျှော်ရာ သီတဂူဆရာတော်က ရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာအကြောင်းကို အကျယ်တ၀င့် ဟောကြားပြခဲ့ပါသည်။ ထိုမှတဖန် အဂျန်တာသို့ ခရီးဆက်ခဲ့ရာ (၂၂-၀၂-၀၈) နံက် စောစောတွင် အဂျန်တာသို့ရောက်ပြီး အဂျန်တာလိုဏ်ဂူအတွင်းရှိ ရှေးဟောင်းကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ ကျောက်ဆစ် လက်ရာများနှင့် ပန်းချီပန်းပုတို့ကို ကြည်နူးမဆုံး လေ့လာဖူးမျှော် ကြည်ညိုကြပါသည်။ ၄င်းနောက် အယ်လိုရာ လိုဏ်ဂူ၌ ရှေးဟောင်း ဟိန္ဒူကျောင်း၊ ဘုရားကျောင်းနှင့် ဗုဒ္ဓဆင်းတုတော်များကိုလည်း ဖူးမျှော်ခဲ့ကြပြီး၊ ၄င်းည သြရန်ဂဘဒ်တွင် ကိန်းစက်အနားယူကြပါသည်။
(၂၃-၀၂-၀၈) နံက်မှာ ဟိုပ်ဒရာဘတ်သို့ ခရီးဆက်ခဲ့ကြပါသည်၊ ၄င်းနေ့ Marriott Hotelတွင် တည်းခိုကြရပါသည်။ ၄င်းဟိုတယ်မှ (၂၄-၀၂-၀၈) နေ့တွင် ကီလိုမီတာ (၂၆၇) ကွာဝေးသော ၀ိဇယ၀ါဒသို့ ခရီးဆက်ခဲ့ကြပြီး DV- Manor Hotel ၌ အနားယူကြရပါသည်။ ထိုမှတဆင့် (၂၅-၀၂-၀၈) နံက်တွင် အမရ၀တီမြို့ရှိ ရှေးဟောင်းကျောင်းတော်များ၊ စေတီပုထိုးများကို တနေကုန်လေးလာခဲ့ကြရပါသည်။
(၂၆-၀၂-၀၈)နံက်တွင် ၀ိဇယ၀ါဒမှ ကီလိုမီတာ(၉၀၀)ကျော် ကွာဝေးသော ဘူဘန်နရှ်ဝါမြို့သို့ မီရထားဖြင့် ခရီးပြင်းနှင်ကာ လမ်းတစ်လျှောက်၌ သီချင်းဆိုသူဆို၊ ကသူကနှင့် အလွန်ပျော်စရာ ကောင်းလှပါသည်။ ၄င်း ကာလိင်္ဂဟော်တယ်၌ နှစ်ညဥ့်မျှတည်းခိုခဲ့ကြပြီး၊ ၄င်းမြို့ရှိ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များနှင့် ဟိန္ဒူ ဆန်းကျောင်းတို့ကို လေ့လာခဲ့ပါသည်။
(၂၈-၀၂-၀၈)နံက်တွင် ဘူဘန်နရှ်ဝါမှ ကီလိုမီတာ(၃၉၀) ဝေးကွာသော ကာလကတ္တားသို့ မော်တော်ကားဖြင့် ခရီးဆက်ခဲ့ရာ ၄င်းည(၁၁း၄၅)မိနစ်တွင် pearless Hotel တွင် အနားယူ အပန်းဖြေကြရပါသည်။ (၂၉-၀၂-၀၈) နံက်တွင် မိမိနှစ်သက်ရာ သွားရောက်လည်ပတ် ကြည့်ရှု၍ ဈေးဝယ်နိုင်သည်ဟု သီတဂူဆရာတော်က အမိန့်ရှိရာ ကြက်ပျောက်ငှက်ပျောက် အကုန်ပျောက်ကုန်တော့သည်။ ၄င်းည (၁၁း၄၅) မိနစ်တွင် ကာလကတ္တားလေဆိပ်သို့ စာရေးသူ၊ မောင်ကုမာရနှင့် ကိုဖီးလစ်တို့က လိုက်ပါပို့ဆောင်ကြရပါသည်။ လိုက်ပါပို့ဆောင်သူ အားလုံးသည် "immigration"အထိသာ ပို့ရပါသည်။ နောက်တစ်နေ့နံက် (၁း၅၅)မိနစ်မှာတော့ တီဂျီ ထိုင်းလေကြောင်းဖြင့် အမိမြန်မာပြည်သို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် ပြန်လည်ထွက်ခွါသွားကြလေသည်။ လေယာဉ်ထွက်ခါနီးသောအခါ ဆရာတော်က ငါ့တပည့် မင်းအိပ်ပြီလား မအိပ်သေးပါဘုရား ဘယ်အိပ်လို့ဖြစ်မလဲကွ မင်းဆရာရဲ့ လေယာဉ်မှ မထွက်သေးတာဟု အမိန့်ရှိခဲ့ရာ စာရေးသူအဖို့တော့ ဤခရီးကိုတော့ဖြင့် ရက်ပေါင်းကုဋေကုဋာပင် မေ့နိုင်တော့မည်မဟုတ်ပါလား။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။


ရှင်သုခ(မင်းလှ)
မဟာဝိဇ္ဇာ (D U)

ဆက်ဖတ်ပါဦး....

ကုမုဒြာရဲ့သောက

ကုမုဒြာ
လ အသာ ပွင့်တာမို့
လ မသာ အမှောင်ည
သူရောက်မှာစိုး။

မင်းထက် (UK)

ဆက်ဖတ်ပါဦး....

PRAYING

In the next life
If having to see again
I prayed.
With her I loved,
Loving each other,
May we marry!

Mr. Nanda

ဆက်ဖတ်ပါဦး....

မှားသော အနမ်း

လရောင်ကို နမ်းရှိုက်၊

ရလိုက်တဲ့ အနံ့၊ မသပ်ရပ်တဲ့အတွေ့အထိ၊

အသိတစ်ခု ၀င်လာ၊

အာ----------ငါအနမ်းမှားနေပါလား။


မင်းထက် (UK)

ဆက်ဖတ်ပါဦး....

နေရစ်တော့ နယူးဒေလီ

ဒီမြေကိုရောက်တော့

အမှတ်တမဲ့နဲ့ ဖိနပ်ပျက်တဖက်ကိုကိုင်ရင်း
ဂျူလိုင်မိုးနဲ့အတူ ငိုခဲ့ရဖူးတယ်။

မြောင်းပုပ်နံ့တွေနဲ့ မွှေးမွှေးပျံ့ ပျံ့ ရှူရှိုက်ရင်း
သမံတလင်းပေါ်မှာ အိပ်ခဲ့ရဖူးတယ်။

ဒုက္ခတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ရင်း
အပူဆုံးရာသီနဲ့ အအေးဆုံးရာသီကိုလည်း ကြံ့ကြံ့ ခံခဲ့ရဖူးတယ်။

တိုင်းတပါးသားတွေနဲ့ ပညာတွေသင်ယူရင်း
သီတဂူကျောင်းတော်ရဲ့ မေတ္တာငွေ့ ကိုခိုလှုံခဲ့ရဖူးတယ်။

မြူဇီယမ်ထဲကရုပ်ထုတွေနဲ့ မိတ်ဆက်စကားပြောရင်း
သမိုင်းခေတ်တွေထဲ အလည်သွားခဲ့ရဖူးတယ်။

သြော် - - - နယူးဒေလီဆိုတဲ့ မြို့ ကြီးရေ
နေသားကျနေတဲ့ မင်းကတော့
သဘာဝတရားကြီးကိုအပြုံးမပျက်ရင်ဆိုင်ရင်း
နေရစ်ခဲ့တော့ - - -
ဒို့ကတော့ မဟာဝိဇ္ဇာ(ဒေလီ) ဘွဲ့ကို ပိုက်ပြီး
ပြန်တော့မယ်၊ တာ့တာ ဘိုင့်ဘိုင် - - -

ကလျာချောစု
M.A (Museology)

ဆက်ဖတ်ပါဦး....

ရင်မှာ အမြဲတမ်း မင်းရှိတယ်

သီတဂူကြယ်စင်လေးရေ…..
မြေပြင်ကပျော့ပျော့လေးဆိုတော့
နင်းလိုက်တိုင်းခြေရာလေးများဖြစ်ပေါ်တတ်မယ်။
မမာနိုင်သော ဒို့ ရဲ့ အသဲပေါ်
ခံစားချက်လေးများစွဲကျန်ရစ်ပေါ့၊
ဘယ်လောက်ပဲရက်လနှစ်ရှည်ကြာ၊
မတိမ်မြုပ်ပဲရှိနေဆဲပါ။
မဆုံတာ မမြင်တာကြာပေမဲ့၊
ရင်မှာအမြဲတမ်းမင်းရှိနေဆဲပေါ့။

တကယ်လို့ များ မင်းနဲ့ ဒို့ ကို၊
ကံတရားကရက်စက်လည်း
တကယ်လို့ များမင်းနဲ့ ဒို့ ကို
ရေမြေခြားထားသော်လည်း၊
ဘယ်လိုနည်းနဲ့ မေ့နိုင်မလဲ၊
အဝေးဆီးလှမ်းကြည့်လိုက်ရင်၊
မင်းရဲ့ ပုံရိပ်တွေပဲရှိနေဆဲ။
မင်းနဲ့ ဒို့ ရဲ့ လှပတဲ့၊
အိမ်မက်လေးချင်းများဆက်သွယ်ကာ၊
သီတဂူလမင်းရဲ့ (၇၁) မြောက်မွေးနေ့ ကို
လွမ်းဆွတ်ကြရအောင်ပေါ့။
သီတဂူလမင်း ထိန်ထိန်လင်းနိုင်ပါစေလို့ 
ဆုတောင်းပေးကြရအောင်ပေါ့။


ကေလင်း (မေပယ်ဝု)


ဆက်ဖတ်ပါဦး....

These also will pass

Sometimes, smilingly, are highly pleased.
Sometimes, in dislike, are downcast.
Sometimes, in dispute, are quarrelsome.
Sometimes, in form a group, are happy.
Sometimes, arrogantly, show off.
Sometimes, snugly, are all smiles.
Sometimes, boastfully, are chatty about them.
Sometimes, indifferently, make in a manner.
Sometimes, jealously, are backbiting about other.
Sometimes, joyously, welcome.
Sometimes, in underestimate, disapprove on.
Sometimes, ridiculously, flatter each other.
Sometimes, respectfully, are friends.
Sometimes, for status existing, are arrogant.
Sometimes, for status will be, are haughty.
Anyway, these also will pass.

Mr. Nanda

ဆက်ဖတ်ပါဦး....

ခရီးဖော်

ပန်းတိုင်တစ်ခု လျှောက်လှမ်းရာဝယ်
ပူပြင်းခက်ထန် ကြမ်းထမ်းတဲ့လမ်းခရီး
လမ်းခုလပ် တစ်နေရာမှာ
နားခိုစရာ “အရိပ်”တစ်ခု၊
ပင်ပန်း နွမ်းနယ်ပြီး
မောပန်းလာတဲ့အခါ
လန်းစမ်းတက်ကြွ
ခွန်းအားပြည့်စေတဲ့ “ရေ”တစ်ပေါက်၊
အမှောင်ဖုံးပိတ်
စမ်းတ၀ါးဝါးသွားရ
ခရီးက ဘယ်ဆီမသိ
ယောင်တောင်ကန်း လျှောက်လှမ်းချိန်
လမ်းမှန်ကို မြင်စေတဲ့ “အလင်း”တစ်ခု၊
အရှေ့ ရယ်အနောက် တောင် မြောက်ကယ် ဘယ်ညာ
ဘယ်ဆီကို သွားရပါ့
တွေးဆလို့  စိတ်ထွေခါ
တိကျစွာ ညွန်ထားတဲ့ “မျှား”တစ်စင်း၊
အရိပ်နှင့် ရေ တစ်ပေါက်
ကျေနပ်အောင် သင်သုံးပြု
အလင်းနဲ့  သူညွန်းထား
မျှားပြရာ သင်သွားပါက
ရောက်လိုရာ ထိုခရီး
အနီးပင်ရှိတော့တယ်
ဆက်၍သာလျှောက်။

ကိုသစ်

ဆက်ဖတ်ပါဦး....

သံဝေဂလင်္ကာ

ဘ၀က ပါးပါးလေးရယ်
အသက်တိုတာလည်း မပြောနဲ့
အကုသိုလ်ကိုမှ မပယ်နိုင်သေးတာကိုး။

စိတ်က လေရူးလို
စေတီမြင်ရင်လဲ ဖူးလိုက်တာပဲ
သုရာဆိုလဲ မူးလိုက်တာပဲ။

ဘ၀ကို ချည်တဲ့ ကြိုးဆိုတာ ဒါပေါ့
ရုန်းမထွက်နိုင်တဲ့ အလိုမပြည့်မှုဟာ သံသရာ
ဘယ်ဆီဘယ်ဝယ်ထိ
လေဟာနယ်ထဲက စကြာဝဠာအမှိုက်တစ်စလို
လွင့်မြောကြရအုံးမလဲ။

အဆုံးသတ်ကို ရှာဖွေဖို့ရာ
ဒီအစေးဓာတ်ကလေးကို ပယ်ခွာဖို့ဆိုတာ
အတော်အတန် ရင့်ကျက်မှုနဲ့တော့ ဘယ်ဖြစ်မလဲ
ပါရမီဆိုတာ
သင့်စိတ်သင် လျှော်ဖွတ်ခြင်းတမျိုးပဲ
လုံးဝ ဆွတ်ဆွတ်ဖြူတဲ့နေ့ဟာ
သင့် နွံထဲက သင်လွတ်မြောက်တဲ့နေ့ပေါ့။

နေမွန်းသင်

ဆက်ဖတ်ပါဦး....

MOON Teacher

I always love your teachings;
Your teaching helps me see,
That to have a happy life,
Learning is the key.

You understand your students;
You’re receptive and smart.
You’re a expert teacher;
I knew it from the start.

I’m grateful for your wisdom
For the teacher that you are;
You’re a very excellent teacher,
And as a teacher, you’re Moon!


Kancana {Pune University}

ဆက်ဖတ်ပါဦး....

အနှိုင်းမဲ့

မုသားတွေ လှိုင်လှိုင်ပေါနေတဲ့ နယ်မြေမှာ
သစ္စာပန်းတစ်ပွင့်ဟာ အနှိုင်းမဲ့တစ်ခုပါ။

မာယာတွေ မင်းမူနေတဲ့ တောအုပ်မှာ
ရိုးသားခြင်းသစ်ပင်ဟာ အနှိုင်းမဲ့တစ်ခုပါ။

ရင်ခုန်သံတွေနဲ့ ဆူညံနေတဲ့ နှလုံးသားမှာ
တိတ်ဆိတ်ခြင်းဆိုတာ အနှိုင်းမဲ့တစ်ခုပါ။

သံစဉ်တွေနဲ့ စိတ်ဝမ်းကွဲနေတဲ့ ပတ်ဝန်းကျင်မှာ
ညီညွတ်ခြင်း rhythm အနှိုင်းမဲ့တစ်ခုပါ။

ဝိ၀ါဒတွေနဲ့ ငြင်းခုံနေတဲ့ လေလွင့်သူရဲ့ ရင်မှာ
ဥပေက္ခာတရားဟာ တကယ့်အနှိုင်းမဲ့တစ်ခုပါ။

လင်းထက်

ဆက်ဖတ်ပါဦး....

A Teacher for All Seasons

A teacher is like Spring,
Who nurtures new green sprouts,
Encourages and leads them,
Whenever they have doubts.


A teacher is like Summer,
Whose sunny temperament
Makes studying a pleasure,
Preventing displeasure.

A teacher is like Fall,
With methods crisp and clear,
Lessons of bright colors
And a happy atmosphere.

A teacher is like Winter,
While it’s snowing hard outside,
Keeping students comfortable,
As a warm and helpful guide.

Teacher, you do all these things,
With a pleasant attitude;
You’re a teacher for all seasons,
And you have my gratitude!

Kancana {Pune University}

ဆက်ဖတ်ပါဦး....

အသက်ရှိပန်းချီ

ပြန်တွေးကြည့်လိုက်တော့
မြစ်ဆီက လွင့်လာတဲ့ တေးသံသဲ့သဲ့ကို ကြားမိတယ်။
တရုပ်စကားပင်အောက်က ထိုင်ခုံမှာ ထိုင်ရင်း
ဆွမ်းဦးပုညရှင်ရဲ့ အာရုံကို ကြည်နူးရင်း
ဧရာဝတီမှာ ရွက်လွှင့်ခဲ့တဲ့ ညနေဟာ
အာရုံခါးခါး ညတွေထက်တော့
နှလုံးသားကို ပိုလို့ စူးနစ်စေခဲ့တာပေါ့။

အဲဒီမှာ
လွတ်ကျခဲ့ရင်လဲ မပူပါနဲ့
လဲကျခဲ့ရင်လဲ ၀မ်းနည်းမနေပါနဲ့
လေပြေလို ဖေးဖေးမမ လှမ်းထူဖို့
ဘ၀ရဲ့ နားခိုရာ အေးငြိမ်းမှုတွေလဲ ရှိတယ်။

ပန်းချီကားတစ်ချပ်လို
ငြီးငွေ့စိတ်ကို သန့်စင်ဖို့ ရှုမျှော်ခင်းတွေလဲ ရှိရဲ့
ကျောင်းတော်က လျှံကျလာတဲ့ စာဆိုသံတွေနဲ့
ညည့်ယံကို ဖောက်ထွက်လာတဲ့ ဓမ္မသံတွေနဲ့
နှလုံးသား တဖက်စွန်းထိ
စမ်းချောင်းလေးတစ်ခုလိုလဲ လွင့်မျောနိုင်ရဲ့။

ပဝေသဏီကတည်းက
လွင့်ပျံ့မွှမ်းထုံလာတဲ့ အငြိမ်းသံစဉ်တွေ
တောင်စဉ်တောအနှံ့
“လရောင်”နဲ့ ဖိတ်ဖိတ်လျှံအောင် စီးဆင်းခဲ့ပေါ့။

နေမွန်းသင်


ဆက်ဖတ်ပါဦး....

ဥယျာဉ်မှူး၏နှလုံးသား

တစ်နေ့...
လူတွေစုံတဲ့ ထိုတစ်နေ့
ဥယျာဉ်ထဲမှာ
တစ်ချို့ ဖူး၊ တစ်ချို့ ပွင့်
တစ်ချို့ လန်း၊ တစ်ချို့ နွမ်း
တစ်ချို့ ကြွေ၊ တစ်ချို့ ဝေ
သူတို့က မေးကြတယ်
မဖူး မပွင့်တဲ့ ပန်း
ဘာလို့ စိုက်တာလဲတဲ့
ပြီးတော့
မလန်းဘဲ နွမ်းနေတဲ့ ပန်း
ဘာလို့ ထားတာလဲတဲ့
ကြွေနေတာတွေ
ဘာလို့ ကြည့်နေလဲတဲ့
တစ်ယောက်က ထမေးပြန်တယ်
ကိုယ်လည်း မပန်၊ ကိုယ်လည်း မခူး
ကိုယ်လည်း မပိုင်၊ ကိုယ်လည်း မနမ်း
ဆိုင်နေယုံလေးနဲ့ ဘာလုပ်မှာလဲတဲ့
သူတို့တွေ စကားဆုံးတော့
ဥယျာဉ်မှူးက ပြန်ပြောလိုက်တယ်
ဘယ်သူခူး၊ ဘယ်သူပန်
ဘယ်သူယူ၊ ဘယ်သူပိုင်
ဘယ်သူခိုး၊ ဘယ်သူဒိုး
ငါက ဥယျာဉ်မှူး
ငါပျိုးတဲ့ ပန်းတိုင်း ပွင့်စေချင်တာ ငါရဲ့စေတနာပါတဲ့

သုထက် န.ပ.သ (မန်း)

(၂၀၀၄၊ မြန်မာနိုင်ငံ၊ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအတွင်း ဆရာတော်၏မိတ်ဆွေဆရာတော်များက ဆရာတော်အား
ကိုယ်တော့်ပို့ပေးထားတဲ နိုင်ငံခြားပညာသင်တွေ သူတို့လမ်းသူတို့ လျှောက်သွားကြရင် ကိုယ်တော့်အတွက် ဘာအကျိုးရှိမလဲ ဟုမေးကြရာ
ဒါက သူတို့ကိစ္စ၊ သူတို့တွေကို မြေတောင်မြောက်ပေးရမှာက တပည့်တော်တာဝန်လေ ဟုဖြေကြားခဲ့သော အဖြေစကားလေးကို ဦးတင်လျက်
ရေးဖွဲ့မိပါသည်)


ဆက်ဖတ်ပါဦး....

ဆရာ့ကိုယ်စား အတိတ်ကို ချောင်းကြည့်ခြင်း

တက္ကသိုလ်ဝန်းကျင် အတွေးလွင်ပြင်မှာ
ခြေရာလေးတစ်စ ချခဲ့မိစဉ်က
တိမ်တိုက်တွေရဲ့ ၀န်တိုမှု
နေပူဒဏ်ရဲ့ ထိုးနှက်မှုတွေကို
အလူးအလဲ ခံနေရရှာတဲ့ ခုံတန်းရှည်တစ်ခု
မြောက်ပြန်လေရဲ့ သမမှုကြောင့်
ဖုန်တွေက ဟိုတစ်စု ဒီတစ်စု
ဒီလောက်ဆိုးနေတဲ့အထဲ
ခွေးသူခိုးက အတင်းတိုးပြီး မစင်စွန့်
ဒီကြားထဲ ကြေကွဲနေတဲ့ လူတစ်ယောက်က
“ဒီလောက် စုတ်ပြတ်နေတဲ့ အရာကို
၂၀ရာစု ချောက်ထဲကို ဘယ်ခြေထောက်နဲ့
ကန်ကျောက်ပစ်လိုက်မယ်”လို့ ခြိမ်းချောက်နေ။
ပစ္စုပ္ပန်ရဲ့ အပြစ်မြင်မှု
ယိုယွင်းမှုရဲ့ ယုယမှုတွေကြောင့်
နုံချာမှု နွံထဲ နစ်မွန်းတော့မည့်ဆဲဆဲတွင်
Thank youဆိုတဲ့ စကားလုံးကိုပဲ
သင့်ထံမှ ကျွန်ုပ် နောက်ဆုံး
တောင်းဆိုပါသည်။
အထီးကျန်နိုင်လွန်းတဲ့ ဖြစ်စဉ်တွေ ကြားကနေ
ဟော ဟော …ဟိုမှာ လာနေပြီ
မိသားစု တစ်ခု လုံးဝ ပျော်ရွှင်ပြည့်စုံမှုတွေနဲ့
ငါ့အပေါ်မှာ မူယာမာယာ အဖြာဖြာနဲ့
ကလူကြည်စယ်ခဲ့ကြတဲ့ ဟိုး ပဝေသဏီက
အရိပ် အရိပ်တွေကိုတောင် သူတို့တွေ မေ့နေသယောက်ယောင်
ဘာပဲဖြစ်ဖြစ်ပေါ့လေ
ငါ့ရဲ့ အတိတ်တွေကိုတော့
ငါ အမြဲ ကျေနပ်နေမှာပါ။

အရှင်ဇာဂရ (နတ်မောက်)

ဆက်ဖတ်ပါဦး....

လကွယ်ပြီးရင် လထွက်သည်

တစ်နေ့ ...
အဲဒီနေ့ကို ဒီနေ့ထိ မေ့ပျောက်လို့မရခဲ့
မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး ဘ၀နတ်နန်း စံမြန်းသည့် နေ့
ထိုနေ့...
လွမ်းဆွတ်ခြင်း၊ တသခြင်း၊ နှမြောခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ မျက်ရည်စက်တို့ နှလုံးသွေးစက်နှင့်အတူ မြေခ
ကြွေကျခဲ့ရသောနေ့-
ဒီလိုဆရာတော်ကြီးမျိုး နောက်ထပ်ဘယ်မှာရှာလို့ရနိုင်ပါဦးမလဲဆိုတဲ့ အတွေး
ထပ်ခါ ထပ်ခါဖြစ်ပေါ်နေခဲ့
လမင်းဟာ တစ်စင်းထဲသာတတ်ကိုတော့ လက်ခံထားခဲ့
သို့သော်-
ညဆိုတာကလည်း အမြဲတန်းရှိနေတတ်တာမဟုတ်၊ နေ့ဆိုတာကလည်း အမြဲရှိတတ်တဲ့အရာမဟုတ်
နေ နဲ့ လ ဟာ တစ်လှည့်စီသာတတ်တာ သဘာဝပါဆိုတဲ့အတွေးက ငါ့နှလုံးသားကို ထိန်းချုပ်ပေးခဲ့၊
ခံစားချက်က အနည်းငယ် သက်သာခဲ့
ဆရာတော်ဘုရားကြီးက လရောင်လိုလည်း အလင်းတွေပေးခဲ့
လရောင်ရဲ့အေးမြခြင်းဆိုတဲ့ ခံစားချက်ကိုလည်း ပေးထားခဲ့
လရောင်လို ချိုမြတတ်တဲ့အရသာကိုလည်း ပေးတတ်ခဲ့။
လကွယ်သောနေ့၊ အဲဒီနေ့၊ ထိုနေ့ကို ငါ အမြဲလွမ်းတတ်ခဲ့၊ တသတတ်ခဲ့၊ ငါ အမြဲ လွမ်းဆွတ်နေခဲ့။
ဟော လရောင်တစ်ခုက ထပ်ချပ်မကွာ နောက်ကပါလာခဲ့
ပေါ်ထွက်လာသည့် လမင်းရဲ့အသံ
သီတဂူ စမ်းလပမာ အေးမြပါစေသား တဲ့
ဓမ္မရောင်ခြည်တွေကို လွင့်ထူပေးခဲ့တာ
ဒီနေ့ဆို ဆယ်စုနှစ် လေးခုလောက်ရှိရောထင့်
လွင့် နေတဲ့ ဓမ္မအသံ၊ ဓမ္မအရောင်၊ ဓမ္မအလံ...
အော် ဒို့များ ဘုရားရှင်သာရှိခဲ့ရင်
ဘုရားရှင်ကိုယ်တော်တိုင် ဓမ္မကထိက ဆိုတဲ့ ဧတဒဒဂ်ဘွဲ့ကို ပေးမှာအမှန်ဟုပင် ငါယုံကြည်နေခဲ့
ဘယ်သောအခါမှ မဝေးတော့မည့် ဓမ္မအသံများ
ဆရာတော်ဘုရား အသက်ရာကျော်တိုင်အောင်
ဆက်ကာ ဆက်ကာ ထုတ်လွင့်ပေးနိုင်ပါစေသား...

သုထက်^န.ပ.သ (မန်း)

ဆက်ဖတ်ပါဦး....

ရက်မြတ်ခညောင်း လတပေါင်း ဆုတောင်းပြည့်ဝ လပြည့်ည

အာဒိဒီပကမုတ္တာဝဠိပုလဲသွယ် သံပေါက်လင်္ကာ

သီ တဂူလမင်း၊ အမှောင်ခွင်း၊ အလင်းဆောင်လို့ပင်။
မ်းတမ်းတတ၊ ဖူးမ၀၊ မြန်မာ့မျက်ရှုရှင်။
ဂူ ပုထိုးကျောင်း၊ မွေ့လျော်အောင်း၊ စိတ်ကောင်းစိတ်မြတ်ယှဉ်။
ရာ့ဂုဏ်မို့၊ အင်မချို့၊ တိုးလို့တိုးလို့ပင်။
ရာ ကျော်အသက် ကျန်းမာလျက်၊ ဆက်လက်အောင်ပွဲဆင်။
တော် လို့လည်းကျော်၊ ကျော်တိုင်းတော်၊ မဟော်အတိုင်းပင်။
ခု ရောနောင်ပါ၊ သံသရာ၊ ကောင်းရာညွှန်းလို့ပင်။
နှစ် နှစ်ကာကာ၊ ဒေသနာ၊ ဖွေရှာဟောမိန့်ပင်။
ဆယ့် တစ်ပူမီး၊ ထိန်ထိန်ညီး၊ အပြီးငြိမ်းလို့ပင်။
တစ် လောကလုံး၊ ဦးညွှတ်ရုံး၊ မြတ်ဆုံးဗုဒ္ဓတွင်။
နှစ် နှစ်သက်သက်၊ မှုထမ်းရွက်၊ အသက်တမျှပင်။
ပြည့် ပြည့်၀၀၊ လပြည့်ည၊ ဆရာ့မွေးနေ့တွင်။
မွေး နေ့ကြောင်းပြု၊ မြတ်ကောင်းမှု၊ ပေါင်းစုပြုသည်ပင်။
နေ့ နေ့ညည၊ ထာဝရ၊ ဆရာ့ဂုဏ်ထိပ်တင်။
မင်..မင်္ဂလာ၊ မွေးနေ့မှာ။ စာပေမှတ်တမ်းတင်။
ရုဂါရ၀၊ နိမာန၊ နိစ္စအမြဲယှဉ်။
လာ မည့်နှစ်လဲ၊ မွေးနေ့ပွဲ၊ အားခဲထားသည်ပင်။

ဒဂုံသီရိ

ဆက်ဖတ်ပါဦး....

Thursday, March 20, 2008

လရောင်ကို နမ်းရှိုက်သူများ-၂



သီတဂူဆရာတော်၏ သက်တော်(၇၁)နှစ်မြောက် မွေးနေ့ပွဲမှာ အမှတ်တရအဖြစ် ပြည်ပရောက် ကျောင်းသားများက စုပေါင်းကာ “လရောင်ကို နမ်းရှိုက်သူများ အမှတ်(၂)”ကို ဖန်တီးလိုက်ပါတယ်။
ဒီစာအုပ်ဟာ နုနယ်သော လက်ချောင်းကလေးများရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုများနဲ့ လတ်ဆတ်တဲ့အတွေးများကို ပေါင်းစုပြီး လျှံထွက်ကျလာတဲ့ ရင်ဖွင့်သံစဉ်များကို အက္ခရာအဖြစ် တင်စားထားကာ ရှုထောင့်ပေါင်းစုံမှ ဆရာတော်အား ပူဇော် ဂုဏ်ပြုထားခြင်းဖြစ်ပါတယ်။
မကြီးမကျယ် နုနယ်တဲ့ လက်ချောင်းလေးများရဲ့ သံစဉ်များဟာ မော်ဒန်လှိုင်းဂယက်တွေ,ခေတ်သစ်ရဲ့ စီးမျောမှုတွေကြားမှာ ပေါက်ဖွားလာတဲ့ အတွက် ကာရန်မညီ စာမပီတာတွေလဲ ပါကောင်းပါမှာပါ။ ဒါတွေကို အားလုံးက နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကိုယ်စီ ကိုယ်စီ study တွေကြားမှ မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်လေးများကို ချွေဖဲ့ကာ ဆရာတော်အား ကဗျာ,ဆောင်းပါးများဖြင့် ပူဇော်ပေးကြသော အပေါင်းအသင်း ရောင်းရင်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
အကြောင်းအကျိုးမညီညွတ်၍ မိမိတို့ရဲ့ သံစဉ်များကို ဖွဲ့ထုံးမသီ အချိန်မီ အတွင်း မဖန်ဆင်းနိုင်လိုက်ကြတဲ့ အပေါင်းအသင်းများကိုလည်း ဆရာတော်ရဲ့ လာမည့်မွေးနေ့ပွဲ မွေးနေ့ပွဲတွေမှာ ဆက်လက် ရင်ဖွင့်အားပေးကြဖို့ ဖိတ်ခေါ် ပါရစေ.....
အားလုံကို ကျေးဇူးတင်လျက်-

sitagustar
March 2008

ဆက်ဖတ်ပါဦး....

အိပ်မက်မှသည် အမှန်အကန်ဆီသို့

၂၀၀၁-ခုနှစ်က ဒေလီမြို့တော်ကြီးကို ည(၈)နာရီအချိန် တစ်ယောက်တည်း ယောင်ချာချာ ရောက်လာခဲ့သည်။ နယူးဒေလီ ဘူတာကို ရောက်တော့ လိမ်မည့် ညာမည့်သူတွေက ဆီးကြိုနေခဲ့ပါသည်။ ကိုယ်က မရောက်ဘူးတော့ လိမ်ချင် လိမ်ပါစေ၊ ကိုယ့်သွားချင်တဲ့ နေရာကိုရောက်အောင်ပို့ပေးလျှင် တော်ပါပြီ၊ သူတို့လိမ်လျှင် ပိုက်ဆံ တစ်ရာ နှစ်ရာဘဲပေါ့။ ဒါလောက်တော့ ရင်းရမှာဘဲလို့စိတ်ထဲမှာ ဆုံးဖြတ်ထားသည်။
ဒေလီမှာနေကြတဲ့ မြန်မာလူမျိုး တစ်ယောက်ကိုမျှ ကိုယ်ကမသိ။ တခြားဦးဇင်းတစ်ပါးက ပေးလိုက်သည့် ကုလားကျောင်းလိပ်စာတစ်ခုတော့ လက်ထဲမှာရှိသည်။ ပါလာတဲ့ လက်ဆွဲအိတ်တွေကို ကူလီကလိုက်ထမ်းပေးပြီး ရူပီး (၃၀)အစား (၈၀) တောင်းယူလိုက်သည်။ များမှန်းသိပေမဲ့ ပေးလိုက်သည်။ လက်မှတ်ပွဲစား က (၆၅)ရူပီးအစား (၂၀၀)တောင်းသည်။ ပေးလိုက်သည်။ လိပ်စာအတိုင်း လိုက်ပို့ပေးသည့် ကားသမားကို ကျေးဇူးတင်ရမလို ဖြစ်နေသည်။
ကုလားကျောင်းကိုရောက်တော့ ကျောင်းထိုင် မြန်မာဆရာတော်မရှိပေမဲ့ ကပ္ပိယမြန်မာဒကာက ကူညီနေရာချပေးလို့ လုံခြုံစိတ်ချစွာ အိပ်စက် အနားယူရင်း “တို့ မြန်မာပိုင် မြန်မာဘုန်းကြီးကျောင်းရှိလျှင် ကောင်းမှာပဲ” လို့စိတ်ကူး တစ်ချက်ရမိလိုက်သေးသည်။
ဒေလီတက္ကသိုလ် ကျောင်းဝင်ခွင့်တွေကို ဗီယက်နမ်တွေက လိုက်ကူညီပေးသည်။ ၀င်ခွင့်လုပ်ရတာ လွယ်အောင်လို့ဆိုပြီး တက္ကသိုလ်နားက အိမ်ခန်းတစ်ခုကို တစ်နေ့ ရူပီး(၁၀၀) နှုန်းနဲ့ ရက် (၂၀) နေခဲ့သေးသည်။ ၀င်ခွင့်ကိစ္စတွေ အားလုံးပြီးတော့ ကံကောင်းထောက်မစွာနဲ့ တက္ကသိုလ် Campus ထဲက International Students Hostel မှာ နေခွင့်ရခဲ့သည်။ ၀င်ခွင့်ရတာနဲ့ အဆောင်ဝင်ကြေး အားလုံးစုစုပေါင်း (၃) လစာ ရူပီး ၁၆,၀၀၀/ - (US $ 400/-) ပေးရသည်။ “ဟူး နေရေး ထိုင်ရေးကိုက မလွယ်ပါလားနော်”။ အားလုံး စုစုပေါင်း ဒေါ်လာ ၅၅၀/- ကို ကျောင်းဝင်ကြေးအတွက် ပေးပြီးပြီဆိုတော့ လက်ထဲ ပါလာတဲ့ပိုက်ဆံက ဒေါ်လာ ၁၀၀ ပဲ ကျန်တော့သည်။ မြန်မာပြည် ဘုန်းကြီးကျောင်းများ၌ ၀င်ခွင့်တစ်ကျပ်မှ မပေးရဘဲ နှစ်ပေါင်းများစွာ နေခဲ့ဘူးတာတွေကို ပြန်လည်သတိရပြီး ကျေးဇူးတင်နေရပါသည်။
၂၀၀၁၊ ခု ၂၀၀၄၊ ခုနှစ်အတွင်း ဒေလီမြို့ကို အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြတဲ့ မြန်မာတွေ အများကြီးတွေ့ရသည်။ မည်သူမဆို အနည်းနဲ့အများ ဒုက္ခရောက်ကြရသည်။ ဒေလီကို ကျောင်းလာတက်ကြတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေ၊ ဘုရားဖူးလာကြတဲ့သူတွေ၊ အရောင်းအ၀ယ်နဲ့ လာကြတဲ့သူတွေ၊ ဆေးလာကုတဲ့သူတွေ၊ ပတ်စပို့ သက်တမ်းတိုးဖို့လာကြတဲ့သူတွေ၊ ဗီဇာပြဿနာ တက်လို့ရုံးချုပ်ကို လာရှင်းကြရတဲ့ နယ်မှာပညာသင်နေကြ တဲ့ မြန်မာတွေ စသည်စသည် စုံပါသည်။ ဒေလီကို ရောက်ရောက်ချင်း ခေါင်းကိုက်ရတဲ့ကိစ္စက နေထိုင်ရေးဖြစ်သည်။ လုံခြုံရေး၊ သွားလာရေး၊ မိမိနှင့်သင့် တော်မည့် အစားအသောက် ရရှိရေး၊ လူလိမ်တာ မခံရရေး၊ မိမိ သိချင်သည့် မှန်ကန်တဲ့သတင်းအချက်အလက် စုံစမ်းရရှိနိုင်ရေး စသည်စသည်တွေတို့သည် လည်း ဒေသခံ မြန်မာလူမျိုးများနှင့် မတွေ့ရလျှင် လုံးဝ မလွယ်တဲ့ကိစ္စ ဖြစ်ပါသည်။
အိန္ဒိယကိုလာကြသည့်မြန်မာတို့သည် တည်းခိုခန်းတွေ၌ တည်းခိုရသည်ထက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ အထူးအားဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများ၌ နေရသည်ကိုပိုမိုနှစ်သက်ကြပုံရသည်။ ကာလကတ္တား မြန်မာကျောင်း၊ ဗာရာဏသီ မြန်မာကျောင်း၊ ဗုဒ္ဓဂယာ မြန်မာကျောင်း၊ ကုသိနာရုံ မြန်မာကျောင်း၊ သင်္ကဿ မြန်မာကျောင်း၊ သာဝတ္ထိ မြန်မာကျောင်း၊ လုမ္ဗိနီ မြန်မာကျောင်း၊ ပတ္တနား မြန်မာကျောင်း၊ ရာဇဂြိုဟ် မြန်မာကျောင်း စသည် စသည်တို့သည် မြန်မာဘုရားဖူး ရဟန်းရှင်လူတို့တွက် အသောက = စိုးရိမ်စရာမရှိ၊ ၀ိရဇ = စိတ်ညစ်စရာ ကင်း၊ ခေမ =လုံခြုံစိတ်ချရခြင်းဆိုသည့် မင်္ဂလာ ရှိသောနေရာတို့ ဖြစ်လာကြသည်။ သို့သော်လဲ “ဧည့်သည်များလာတဲ့အခါ ကျောင်းတွေမှာ မဆံ့တော့လို့ တည်းခိုခန်းတွေမှာ ထားပေးရသည်”လို့ ဗုဒ္ဓဂယာ မြန်မာကျောင်း ဦးဇင်းတစ်ပါးက ပြောဘူးသည်။
အိန္ဒိယမှာ လ၊ နှစ်ချီပြီး ပညာသင်ယူကြသည့် မြန်မာရဟန်းတော်တို့သည် သူတို့အတွက်နဲ့ ကျောင်းတိုက်ကြီးတွေမှာ တာဝန်တွေမပိအောင် အပြင်၌အိမ်ခန်းငှားနေကြသည်။ ရေရှည်မှာ အဆင်မပြေမှုတွေ တွေ့ကြုံလာသည့်အတွက် စာသင်သားများ သီတင်းသုံးနိုင်သည့် ဘုန်းကြီးကျောင်းတစ်ခု သီးသန့်တည်ထောင်ရန် စုဝေးတိုင်ပင်ခဲ့ကြသည်။ အိန္ဒိယရောက် မြန်မာ ကျောင်းထိုင်ဆရာတော်များနှင့် မြန်မာပြည်ရှိ လေးစားအပ်သော ဆရာတော်ကြီးများရဲ့ သြ၀ါဒကို ခံယူခဲ့ကြပြီး သုံးထပ်ကျောင်းဆောင်တစ်ခုကို ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်နှင့် (၃) ကီလိုမီတာ အကွာ၌အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာ ရဟန်းတော်များ အသင်းကဦးဆောင်၍ တည်ဆောက်နေ သည်။ မကြာသောအချိန်မှာ ပညာသင် မြန်မာရဟန်းတော်များ၊ ဘုရားဖူး ရဟန်းတော်များ အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံ၊ ချမ်းချမ်းသာသာ သီတင်းသုံး ပညာသင်ယူနိုင်ကြတော့မည် ဖြစ်ပါသည်။

ခေတ်သစ်အိန္ဒိယ
အိန္ဒိယနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာနေသော တိုင်းပြည်တစ်ခု ဖြစ်သည့်အားလျော်စွာ တစ်နေရာနှင့်တစ်နေရာ သွားလာရတာ လွယ်ကူ သည်။ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးပစ္စည်းတို့သည်လည်း ဟင်းသီးဟင်းရွက်ကဲ့သို့ ၀ယ်ရတာလွယ်ကူသည်၊ လွတ်လပ်စွာ အသုံးပြုလို့ ရသည်။ ဆန် ဆီ ဆား သီးနှံ သား ငါးလဲ ပေါများသလို တခြားနေ့စဉ်လူသုံးကုန် ပစ္စည်းတွေကလဲ ၀ယ်ရတာ လွယ်ကူသည်။ လမ်းဘေးအိပ်၊ လမ်းဘေးမှာ စား သည့် ကုလား ဆိုက်ကားသမားများသည်ပင် မိုဘိုင်ဖုန်း သုံးစွဲနိုင်သည်ကို တွေ့နေရသည်။ အမှန်အကန် မီးကြေးဆောင် အသုံးပြုသည့် နေရာတို့၌ မီးပျက် ခဲသည်။ မီးပျက်လျှင်လဲ ချက်ချင်းပြင်ဆင်ပါသည်။ တခါတရံ မီးပျက်သော်လည်း များသောအားဖြင့် အချိန်ပြည့်လျှပ်စစ်မီးလာနေတတ်သည်။ ကား ဆိုင်ကယ် စက်ဘီး စသည်တွေကလဲ ဈေးသက်သာသလို ၀ယ်ရတာလဲ အင်မတန်လွယ်ကူသည်။ စက်ဆီ အမျိုးမျိုးကို တောရော မြို့ပါ လွယ်လင့်တကူ လွတ်လွတ်လပ်လပ်နဲ့ (၁၀) မိနစ်အတွင်း ၀ယ်လို့ရသည်။ ဂက်စ် မီးဖိုကို အိမ်တိုင်ရာရောက် လာရောင်းသည်။ မှတ်ပုံတင် ထားစရာ မလိုပါ။ အဆောက် အဦသုံး ပစ္စည်းများကလဲ အလျှံပယ် ပေါသည်။
ကွန်ပြူတာနှင့်ပတ်သက်သော Software, Hardware တွေကလဲ ကြိုက်တာ ၀ယ်သုံးလို့ရသည်။ စာအုပ်စာတမ်းတွေ အင်မတန်ပေါသည်။ လိုချင်တာဝယ်လို့ရသည်။ ကိုယ်ကြိုက်တာရေးပြီး မည်သူ့ဆီကမှ ခွင့်ပြုချက် ယူစရာ မလိုဘဲ ထုတ်ဝေလို့ရသည်။ ဘဏ်စနစ်တွေကလဲ ကမ္ဘာ့ဘဏ်ကြီးတွေနှင့် ရင်ဘောင်တန်းနိုင်ပါသည်။ ATM card, Credit card ရှိလျှင် အိန္ဒိယတစ်ခွင် နေရာတိုင်းလိုလိုမှာ (၅)မိနစ် (၁၀)မိနစ်အတွင်း ငွေထုတ်လို့ရသည်။ တခြား တိုင်းပြည်တွေမှာ လုပ်ထားသည့် Credit Card တိုဖြင့်လည်း အိန္ဒိယဘဏ်တွေမှာ လွယ်လွယ်လေး ငွေထုတ်လို့ရသည်။

မြန်မာတွေအတွက် အိန္ဒိယပညာရေး
အိန္ဒိယ၌ တက္ကသိုလ်ပေါင်း (၄၀)ကျော် ရှိသည်။ မည့်သည့် တက္ကသိုလ်မဆို မြန်မာတွေ ပညာသင်လို့ရသည်။ မြန်မာရဟန်းတော်များကို ဓမ္မာစရိယ အောင်လက်မှတ်ဖြင့် သင်ကြားခွင့်ပေးထားသည့် တက္ကသိုလ်တွေ အများကြီးရှိသည်။ ကုလားသံဝဲ၀ဲနှင့် အင်္ဂလိပ်စကား ပြောကြားနိုင်သည့် လူတွေလဲ ဒုနဲ့ဒေး ရှိသည်။ ယခုအခါ မြန်မာနိုင်ငံသား ရဟန်းတော် (၂၅၀) ကျော်တို့သည် အိန္ဒိယရှိ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ယူနေကြသည်။ မည့်သည့်ပညာရပ်ကို မဆို လွတ်လပ်စွာ သင်ကြားခွင့်ပေးထားသည်။

အိန္ဒိယနှင့်ဘာသာရေး
အိန္ဒိယ၌ ဘာသာပေါင်းစုံရှိသည်။ အိန္ဒိယနိုင်ငံသည် အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဂျိန်း၊ ဂျူး၊ ပါဆီ၊ ဗုဒ္ဓဘာသာ၊ ဘဟားအီးလ် နှင့် ဟိန္ဒူ ဂိုဏ်းကွဲ အမျိုးမျိုး စသည်တို့ စုပေါင်းတည်ရှိရာ တိုင်းပြည်ဖြစ်ပါသည်။ တိုင်းပြည် အစိုးရသည် ဘာသာတိုင်းကို လေးစားသမှုပြုသည်။ လေးစားခြင်းမရှိဘဲ တခြား ဘာသာဝင်များကို စော်ကားလျှင် အိန္ဒိယသည် ပြိုကွဲသွားနိုင် သည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မကူညီသော်တောင်မှ နှောက်ယှက်မှုမပြုပေ။

အိန္ဒိယနှင့်ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ရှေးဟောင်းနေရာများကို အိန္ဒိယနိုင်ငံ နေရာအတော်များများ၌ ယခုတိုင်တွေ့ရှိနိုင်သလို အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓ ဘာသာ ၀င်ဦးရေလဲ တနေ့တခြားတိုးတက်များပြားလာလေသည်။ ပညာတတ် သူတော်ကောင်း ထေရ၀ါဒရဟန်းတော်များ၏ ဦးဆောင်မှုကို အပြည့်အ၀ မရရှိကြသေး သလို တချို့ရဟန်းတော်၏ ဦးဆောင်မှုကိုလည်း မခံယူတတ်ကြသေးပေ။
မိမိတို့ မြန်မာလူမျိုးအများစုတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အားလျော်စွာ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားနှင့် ပတ်သက်သော နေရာများကိုလည်းကောင်း အင်မတန်မြတ်နိုး တန်ဘိုးထားကြပါသည်။ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရရှိရာနေရာသည်လည်းကောင်း၊ ဓမ္မစကြာ ဟောကြားရာ မိဂဒါဝုန်သည်လည်းကောင်း၊ နှစ်ပေါင်း (၂၀) ကျော် သီတင်းသုံးခဲ့ရာ သာဝတ္ထိမြို့အနီး ဇေတ၀န်ကျောင်းတော်သည် လည်းကောင်း၊ ပရိနိဗ္ဗာန်စံရာ ကုသိနာရုံသည်လည်းကောင်း၊ မဟာသတိပဋ္ဌာန်သုတ် ဟောကြားရာ ကုရုတိုင်း ကမ္မာသဓမ္မသည်လည်းကောင်း၊ ရာဇဂြိုဟ် ဝေဠုဝန် ကျောင်းတော်၊ ပါဋလိပုတ်၊ ဝေသာလီ၊ နာလန္ဒာ စသည် စသည် ပါဠိတော်တို့၌ အထင်ကရ ဖြစ်သော မြို့တော်၊ ကျောင်းတော်ကြီးများကို ယနေ့တိုင် အိန္ဒိယ၌ တွေ့မြင်နိုင်ပါသည်။ ထိုမြို့ အမည် ကျောင်းအမည်တို့သည် “ပုံပြင်ဒဏ္ဍာရီမဟုတ်၊ အမှန်တကယ်ဖြစ်ခဲ့ပါသည်” ဆိုတာကို အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာနက သမိုင်းမှတ်တိုင် ထူထားပါသည်။

ပထ၀ီအနေအထား
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း မိုင်ပေါင်းများစွာ ကုန်ကြောင်း ရေကြောင်းဆက်စပ်နေပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခါးသီး မုန်းတီးရလောက်အောင် သမိုင်းစစ်ပွဲများမရှိခဲ့သလို ယခုပစ္စုပ္ပန်မှာလဲ ဆက်ဆံရေးကောင်းမွန်သည်၊ နောင်အခါတွင်လည်း ဆက်လက်ကောင်း နေမည် ဖြစ်သည်။ နောင်တစ်ချိန်တွင် နှစ်နိုင်ငံအတွင်း ကုန်တင်ကားကြီးများ၊ ခရီးသည်တင်အဝေးပြေး ဘတ်(စ်) ကားကြီးများ၊ မီးရထားကြီးများ ပြေးဆွဲ ကောင်း ပြေးဆွဲနိုင်သည်။ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံ တည်ရှိနေသမျှ ကာလပတ်လုံး အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ထိတွေ့ဆက်ဆံနေကြရမည်ဖြစ်သည်။ ဘာသာရေး၊ ပညာရေး၊ စီးပွားရေးများကို အကြောင်းပြု၍ မြန်မာလူမျိုးတို့သည် အိန္ဒိယကို အမြဲမပြတ် ရောက်နေကြမည်ဖြစ်သည်။

မြို့တော်
ဒေလီမြို့သည် အိန္ဒိယနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်။ ဒေလီတက္ကသိုလ်သည် ဒေလီမြို့တော်၌ရှိ၍ အိန္ဒိယရှိတက္ကသိုလ်ကြီး (၇) ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ထိုတက္ကသိုလ်ကြီး၌ မြန်မာရဟန်းတော်များ ပညာသင်ယူခွင့် ရှိသည်။ ယခုအခါ ဒေလီတက္ကသိုလ်၌ မြန်မာပညာသင် ရဟန်းတော် (၁၆)ပါးတို့သည်အခက်အခဲများစွာကိုအန်တုရင်း M.A, M.Phil, Ph.D တန်းများကို တက်ရောက်သင်ယူနေကြသည်။ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်မတည် တည်ထောင်ထားသော သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတော်လေးသည် ထိုရဟန်းတော် (၁၆) ပါးတို့၏ စိတ်ပင်ပန်းမှုတွေ ကင်းဝေးရာ၊ လုံခြုံရာ၊ ဘေးကင်းရာ၊ မြန်မာထမင်း၊ မြန်မာဟင်းဘုဉ်းပေးနိုင်ရာ နိဗ္ဗာန်လေးတစ်ခု ဖြစ်နေသည်။ ထိုသီတဂူဗုဒ္ဓ၀ိဟာရကို ၂၀၀၆-ခုနှစ် ဇန်န၀ါရီလဆန်း (၁) ရက်နေ့တွင် ဒေလီတက္ကသိုလ်၌ ပညာသင်နေကြသော ရဟန်းတော်များ နေရေးထိုင်ရေး၊ စားသောက်ရေး အခက်အခဲများ မရှိစေရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခဲ့သည်။

ဒေလီမြို့တော်နှင့် သီတဂူဗုဒ္ဓ၀ိဟာရ
အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေကြသော မြန်မာတို့သည် ပတ်စပို့သက်တမ်းတိုးရန်ကိစ္စ၊ ဗီဇာ အသစ်လျှောက်ထားရန်ကိစ္စ၊ ကျောင်းတက်ရန်ကိစ္စ၊ စာအုပ်စာတမ်းများ ၀ယ်ရန်ကိစ္စစသည်ဖြင့် ရောက်လာကြသောအခါ သီတဂူဗုဒ္ဓ၀ိဟာရသည် ၄င်းတို့အတွက်လဲ ဘေးကင်း လုံခြုံ စိတ်ချမ်းသာမှုရသော ဗိမာန်လေးတစ်ခု ဖြစ်သွားသည်။ ကျန်းမာရေး အတွက် မြန်မာပြည်မှ ဆေးလာကုကြသော လူနာအချို့သည်လည်း သီတဂူဗုဒ္ဓ၀ိဟာရ၏ အရိပ်အာဝါသအောက်သို့ ရောက်လာကြ၏။ စိတ်ချမ်းသာမှုနှင့် လုံခြုံနွေးထွေးမှုကို ရကြသဖြင့် “ရောဂါတစ်ဝက် ပျောက်သွားသည်ဟု ခံစားရသည်၊ အားအင်တွေ အလိုအလျောက် ပြည့်သွားသည်” ဟု ပြောသွားကြသည်။ ဘုရားဖူးကြွလာကြသော ဆရာတော်များသည်လည်း “သစ်တစ်ပင်ကောင်း၊ ငှက်တစ် သောင်းနားနိုင်၏။ အရှင် (သီတဂူဆရာတော်) ၏ ဘုန်းတန်ခိုးအာနုဘော်ကြောင့် များစွာသောလူသားတို့သည် ချမ်းသာသုခကို စံစားကြရပေ၏”လို့ သီတဂူ ဆရာတော်၏ ကျေးဇူးကြီးမားပုံတို့ကို ဖွင့်ဟမိန့်ဆိုသွားကြကုန်၏။
သို့သော် ဒေလီသီတဂူဗုဒ္ဓ၀ိဟာရကျောင်းသည် (၁) နှစ်ကျော်သက်တမ်းမျှသာ ရှိသေး၏။ ကျောင်းတော်သည် အသက်လည်းငယ်၏၊ အရွယ်လည်း နုသေး၏။ နှစ်ယောက်အိပ် အိပ်ခန်း (၃) ခန်း၊ ဧည့်ခန်း (၁) ခန်း၊ ရေချိုးခန်း (၂) ခန်း၊ ထမင်းစားခန်း (၁) ခန်း၊ မီးဖိုချောင် (၁) ခု မျှသာပါဝင်လေသည်။ သီတဂူဗုဒ္ဓ၀ိဟာရသည် များစွာသော လူသားတို့အား များစွာသော အကူအညီကို ပေးလို၏။ သို့သော် သီတဂူကျောင်းတော်ကား သေးငယ်သောကြောင့် အားရ ပါးရ အများကြီးကူညီမှု မပေးနိုင်သည်ကို စိတ်မကောင်းဖြစ်ရ၏။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ဗုဒ္ဓတရားတော်များထွန်းကားပြန့်ပွားရေးအတွက် (တနည်းအားဖြင့်) သူတော်ကောင်းတရားများ လူသားတို့နှလုံးသား၌ ကိန်းဝပ်တည်ရှိ၍ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုပမ်းလျက်ရှိသလို လူမျိုးမရွေး ဘာသာမရွေး အားလုံးသော သူများအတွက် ပညာရေး၊ ကျန်းမာရေးတို့ကို ကူညီစောင့်ရှောက်သော ကိုယ်ကျိုးမငဲ့သော အဖွဲ့ကြီးဖြစ်သည်။ သီတဂူ အာယုဒါနဆေးရုံတော်ဖြင့် ကျန်းမာရေးအလှူဒါနကိုလည်းကောင်း၊ သီတဂူ ရေအလှူတော်ဖြင့် စစ်ကိုင်း တောင်ရိုးပျော်သူတော်စင်၊ ဘုရားဖူးဧည့်သည်များကို နေ့စဉ်ရေအလှူဒါနဖြင့်လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖြင့် ပညာဒါနကိုလည်းကောင်း၊ အမေရိကရှိ သီတဂူကျောင်းတော် များဖြင့် တရားဓမ္မအလှူကိုလည်းကောင်း စေတနာကောင်းသက်သက်ဖြင့်သာ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ ပညာသင်များ စေလွှတ်၍လည်းကောင်း၊ နိုင်ငံခြားရောက် ပညာသင် မြန်မာရဟန်းတော်တို့အား ၀တ္ထုငွေထောက်ပံ့ခြင်းဖြင့် လည်းကောင်း အားပေးကူညီလျက်ရှိပါသည်။ ၂၀၀၇-ခုနှစ် ဖေဖေါ်ဝါရီ (၈)ရက်နေ့တွင်ဗုဒ္ဓဂယာမြန်မာကျောင်း၌ US$ 21,200/- ကို အိန္ဒိယရောက် ပညာသင်မြန်မာရဟန်းတော်တို့အား ယခင်နှစ်များနည်းတူ လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ လူသားအကျိုးပြုဆောင်ရွက်နေသော ဗုဒ္ဓဘာသာသာသနာပြု အဖွဲ့ကြီးအတွက် ဗုဒ္ဓဘာသာ၏ ပေါက်ဖွားရာမူလဒေသဖြစ်သော၊ ရှေး ဟောင်း ဗုဒ္ဓဘာသာအမွေအနှစ်တို့ ပေါကြွယ်လှသော၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ အမြောက်အမြားရှိသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနေသော၊ ပညာတတ် အကျင့်ကောင်း ရဟန်းတော်များကို မျှော်လင့်တောင့်တနေသော၊ မြန်မာနိုင်ငံနှင့် နယ်မြေ၊ ယဉ်ကျေးမှု ဆက်နွယ်နေသော၊ ဗုဒ္ဓဘာသာပညာရေး ကို အားပေးသော၊ အသောကဘုရင်ကြီးရဲ့အထိမ်းအမှတ်များကို မြတ်နိုးသော ဤအိန္ဒိယနိုင်ငံတော်ကြီး၌ ယခုလက်ရှိ သီတဂူကျောင်းတော်ထက် ကြီးမားသော သီတဂူကျောင်းတော်ကြီးတစ်ခု လိုအပ်နေသည်ဟု ဦးကု ယူဆနေမိပါသည်။
ဆရာတော်၏တပည့် သီတဂူရဟန်းတော်များနှင့် တိုင်ပင်ကြည့်သောအခါ အများက ဦးကု၏ အကြံပြုချက်ကို သဘောမတူပေ။ အကြောင်းကား - အိန္ဒိယကုလားတို့သည် ယုံကြည်စိတ်ချရသူများ မဟုတ်ပေ၊ အကြောင်း အမျိုးမျိုးပြ၍ လိမ်ညာတတ်သည်။ သီတဂူကျောင်းတော်ကြီးကို ဒေလီမြို့တော် အနီး၌ တည်ထောင်ဘို့ ကြိုးပမ်းခဲ့ဘူးပါသည်။ မြေဈေးတွေ အင်မတန်ကြီး၏။ မြေ (၁) ဧက ကို အနည်းဆုံး ဒေါ်လာ (၂) သိန်းလောက် တန်၏။ အဆောက်အဦပါ ထည့်တွက်လျှင် အများကြီးကုန်ကျနိုင်သည်။ အများကြီး ရင်းနှီးရပြီး ထင်သလောက် အကျိုးမရှိမှာကို စိုးရိမ်ကြ၏။ အကယ်၍ အကောင်အထည် ဖေါ်လျှင် အဆောက်အဦးများ ဆောက်ဆဲကာလတွင် မည်သူတာဝန်ခံနေမည်နည်းဟု ဦးကုကို ၀ိုင်းမေးကြလေ၏။ သီတဂူဦးဇင်းတို့သည် ကလေးများ မဟုတ်ကြပေ၊ သာသနာအတွက်၊ အားလုံးအတွက် အလှည့်ကျနေပြီး စောင့်ရှောက် နေနိုင်သည်ဟုသာ ဦးကုက အဖြေပေး၏။
အိန္ဒိယကုလားတို့သည် ယုံကြည်စိတ်ချရသူများ မဟုတ်သည့်တိုင် အလုပ်တော့ ဖြစ်နေကြသည်။ သီတဂူဆရာတော်၏ အိန္ဒိယနိုင်ငံသား တပည့် တွေ အများကြီးရှိသည်။ မွေးကတည်းက ဗုဒ္ဓဘာသာများဖြစ်ပြီး ယုံကြည်စိတ်ချ ရသောသူတွေဖြစ်သည်။ အိန္ဒိယ အစိုးရ အရာရှိတွေထဲကပင် ဆရာတော်ကို လေးစားသူတွေ အများကြီးရှိသည်။ ထိုသူများနှင့် လက်တွဲဆောင်ရွက်လျှင် တကယ်ဖြစ်နိုင်သည်ဟု ဦးကုက ယုံကြည်သည်။ သီတဂူဆရာတော် ဘုန်း တန်ခိုးနှင့် ဆရာတော်၏ တပည့်ဒကာ ဒကာမတို့၏ စွမ်းပကားကို ယုံကြည်သည်။ အမှန်တကယ် လုပ်လျှင် တကယ်ဖြစ်မည်။ ဒီအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်လျှင် သန်းပေါင်းများစွာသောသူတို့သည် အသောက၊ ၀ိရဇ၊ ခေမ (အေးချမ်းသာယာလုံခြုံမှုရှိသော) ဖြစ်သော သီတဂူ ကျောင်းတော် ကြီးမှ အကျိုးအမြတ်အသီးအပွင့်တို့ကို ဆွတ်ခူးရရှိနိုင်ကြမည်ဟု ဦးကု ယုံကြည်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ---။

အရှင်ကုမာရ(သီတဂူ)
ဒေလီတက္ကသိုလ်

ဆက်ဖတ်ပါဦး....

မွေးနေ့လက်ဆောင်

(၁၄-၂-၀၇)နေ့က ဒေလီမှ အရှင်က၀ိဓဇ ဖုန်းဆက်၍ စကားပြောဖြစ်ခဲ့သည်။ အကြာင်းကတော့ ဆရာတော်မွေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယ နိုင်ငံရောက် သီတဂူကျောင်းသားများ စုပေါင်းပြီး လက်ကမ်းစာစောင်လေး ထုတ်ဝေဖို့ဖြစ်သည်။ ထို့ကြောင့် ဆရာတော်နှင့်ပတ်သက်ပြီး မိမိနှစ်သက်ရာ ကဗျာ၊ ဆောင်းပါးစသည် တစ်ခုခုရေးသားပေးပို့နိုင်ကြောင်း အသိပေးခြင်းဖြစ်၏။ ဆရာတော်နှင့် ပတ်သက်ပြီး ရေးစရာ ပြောစရာ တွေကတော့ အများပင်ရှိပါ၏၊ သူလည်းသိ ကိုယ်လည်းသိ အားလုံးအသိဖြစ်၏။ တကယ်ရေးကြတော့ ဘာအကြောင်း ဘယ်ကစရေးရမလဲ။
မွေးနေ့ဆိုတော့ မွေးနေ့ဆုမွန်တောင်းလွှာ ရေးမည်လား ဘာရေးရမယ်ဆိုတာ ခေါင်းထဲမှာရှင်းလင်းစွာ ပေါ်မလာခဲ့။ မွေးနေ့ဆုမွန်တောင်းလွှာဖြစ်တဲ့ Happy Birthday To You ဆိုတာကလဲ လူတိုင်း အတွက် မွေးနေ့တိုင်းမှာ အသုံးပြုနေကြသော စကားလက်ဆောင်ဖြစ်လို့ ဘာမှသိပ်ပြီး ထူးခြားမည် မဟုတ်ပါ။ သို့ကြောင့် ဆရာတော်၏မွေးနေ့အတွက် အမှတ် တရဆိုတော့ ဆရာတော်ရဲ့ သြ၀ါဒစကားတွေထဲက တစ်ခုလောက်ကိုပဲ ထပ်ဆင့်ဝေငှလိုက် ချင်ပါတယ်။ ဒီစကားလေးဟာလဲ မိမိရဲ့ကိုယ်တိုင် အတွေ့အကြုံ လေးတစ်ခုကြောင့် အမြဲတမ်းအမှတ်ရနေပါတယ်။ နောက်ပြီး အများအကျိုးအတွက် အထူးသဖြင့် သာသနာတော်အတွက် အလုပ်လုပ်နေကြတဲ့ နောင်တော် ညီတော် ရဟန်းတော်များအနေနဲ့ မှတ်သားသင့်တယ်လို့ ယူဆမိလို့ပါ။
၂၀၀၀-ခုနှစ်သည် ကမ္ဘာမှာထင်ရှားတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေ ရှိခဲ့တယ်ဆိုတာ အားလုံးပြန်လည် သတိရစေချင်ပါတယ်။ လောက ရေးရာနှင့်ပတ်သက်လို့ Y2K ကိစ္စ၊ ဘာသာရေးနှင့် ပတ်သက်လို့ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်ကြီးများ ထိပ်သီးညီလာခံ-ဆိုတဲ့ အကြောင်းအရာတွေကြောင့် ထူးခြားတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှစ်မှ နှစ်ဆယ့်တစ်ရာစုနှစ်သစ်ဆီသို့ ကူးပြောင်းတဲ့ကာလ၊ ဒီလိုအချိန်မှာ နိုင်ငံခေါင်းဆောင်ကြီးများ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနှင့် မိမိတို့ကမ္ဘာကြီးအတွက် နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များကို ဘယ်လို လက်ဆင့်ကမ်း အမွေတွေပေးခဲ့ကြမလဲဆိုတာ ဆွေးနွေးတိုင် ပင်ကြသလို တစ်ဖက်မှာလဲ ကမ္ဘာ့ဘာသာပေါင်းစုံ ဘာသာ ရေးခေါင်းဆောင်ကြီးများဟာလဲ အနာဂတ်ကမ္ဘာကြီးမှာ လူသားတွေ ငြိမ်းချမ်းစွာ အတူနေနိုင်ရေး အတွက် ဘယ်လိုဆောင်ရွက်ကြမလဲ-ဆိုတာတွေကို မျက်နှာစုံညီ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
“ဒါတွေကို ပြန်လည်သုံးသပ်ကြည့်ယင် ယခုလို နှစ်ဆယ့်တစ်ရာစု Globalization ခေတ်ကြီးမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အဖွဲ့အစည်း လောက်တင် ကြည့်နေသိနေရုံလောက်နဲ့ မလုံလောက်တော့၊ မိမိရဲ့ပတ်ဝန်းကျင်နှင့်ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာတွေကို တခဏချင်းသိနိုင်တာ ကြောင့် အမြဲတမ်းစောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ ဆရာတော်သည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာသာသနာအတွက်သာမက၊ ကမ္ဘာလှည့်ပြီး လူသားအားလုံး ငြိမ်းချမ်းစွာအတူနေနိုင်ရေးအတွက် အမျိုးမျိုးသော Conference, Seminar စတဲ့ ကြီးကျယ်သော အခမ်းအနားပေါင်းများစွာ တက်ရောက် ဟောပြောဆွေးနွေးခဲ့ပါတယ်။ အထက်ပါ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်ကြီးများ ညီလာခံမှာလဲ ကိုယ်တိုင်တက်ရောက် ဟောပြောဆွေးနွေးခဲ့ပါတယ်။ ထိုထောင်စုနှစ် အစည်းအဝေးကြီးမှာ ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းစွာ အတူနေနိုင်ရေးအတွက်-ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေးစနစ် ဘာသာရေးနှင့်ဆိုင် သော ပညာရေးစနစ် စိတ်ဓာတ်နှင့်အတွေးအခေါ်ဆိုင်ရာ ပညာရေးစနစ်များကို တိုင်းပြည်အသီးသီး၏ ယဉ်ကျေးမှု၊ လူနေမှုစနစ်နှင့် ကိုက်ညီစွာ ရေးဆွဲလုပ်ကိုင် ဆောင်ရွက်သင့်ကြောင်းနှင့် ထို့ပြင်တစ်ခုတည်းသောလမ်းပေါ်မှာ အတူလက်တွဲလျှောက်လှမ်းနိုင်ဖို့အတွက် တူညီသောမျှော်လင့်ချက်၊ တူညီသောယုံကြည် ချက်၊ တူညီသောခံယူချက်၊ တူညီသောအတွေးအခေါ်နှင့် တူညီသောစီမံချက်များ ချမှတ်ကာ-
ညီညွတ်သောဘုရင့်နိုင်ငံတော် United Kingdom (U.K)
ညီညွတ်သော ပြည်နယ်များ United States (U.S)
ညီညွတ်သော နိုင်ငံများ United Nations (U.N) တို့ကဲ့သို့
ညီညွတ်သော ဘာသာရေးအဖွဲ့အစည်းများ United Religions (U.R) ဆိုပြီး တစ်ခုတည်းသော အစည်းအရုံးကြီးတစ်ခု တည်ထောင်ဖို့ လိုအပ်ကြောင်းတို့ကို အကြုံပြုတင်ပြဆွေးနွေး ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပင် ထိုင်းနိုင်ငံမှာကျင်းပသည့် ကမ္ဘာဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီးမှာလည်း အပြည်ပြည် ဆိုင်ရာဗုဒ္ဓ တက္ကသိုလ်ကြီးတစ်ခုနှင့် ရုပ်သံလွှင့် ဌာနကြီးတစ်ခု တည်ထောင်ဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ခဲ့ပါသေးတယ်။
ဆရာတော်သည် ထိုသို့သော နိုင်ငံရပ်ခြားတိုင်းပြည်များသို့ အမျိုးမျိုးသောထိပ်သီးညီလာခံ နှီးနှောဖလှယ်ပွဲများကို တက်ရောက်ခဲ့ပြီး ပြန်ရောက် လာလျှင်လည်း မိမိတို့ သီတဂူကျောင်းတော်သူ/သားများကို မိမိရဲ့အတွေ့အကြုံများ၊ အတုယူစရာသင်္ခန်းစာများ၊ ရှောင်ကြဉ်စရာများနှင့် လိုက်နာမှတ်သား စရာများကို ပြန်လည်ပြောပြလေ့ရှိပါသည်။ ယခုလည်းထိုင်းနိုင်ငံ အစည်းအဝေးမှာ တွေ့ကြုံကြားသိခဲ့ရသော အချို့အချို့သော ကိုယ်စားလှယ်တော်များရဲ့ ဟောပြောချက်များထဲမှ ဂိုဏ်းဂဏအစွဲနှင့် ပတ်သက်သော ဟောပြောချက်ကို ပြန်လည်ပြောပြပါသည်။ “အချို့အချို့သော ကိုယ်စားလှယ်တော်များသည် အကြောင်းအရာ တစ်ခုကိုမပြောဆိုမီ `မိမိတို့ ဘယ်နိကာယ ဘယ်ဂိုဏ်းကတော`့ ဆိုတဲ့စကားလုံးကို အထူးအသုံးပြုပြောဆိုခဲ့ကြတယ်၊ တို့ကတော့ အားလုံး ဟာ ဘုရားသားတော်ချည်းဖြစ်လို့ သာသနာတော်-ဆိုတဲ့ စကားလုံးကိုပဲသုံးတယ်”။ မှန်ပါသည်၊ စကားလုံးတစ်လုံးစီရဲ့ အကျယ်အ၀န်း အတိမ်အနက်ကိုက ကွာခြားလွန်းလှသည်။ အထူးရှင်းပြစရာ လိုမည်မထင်ပါ၊ ဒီကိစ္စ နှင့်ပတ်သက်၍ ဆရာတော်က တပည့်များကို `မင်းတို့လဲ နောင်တစ်ချိန် ခေါင်းဆောင်တွေ ဖြစ်ကြမှာဆိုတော့ ဒီလိုကျဉ်းမြောင်းတဲ့ အယူအဆ အတွေးအခေါ်တွေကို ခေါင်းထဲမှာ မထားကြဖို့`ကို မှတ်ချက်ချပြောဆိုဆုံးမခဲ့ပါတယ်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့မှ စီးဆင်းလာသော ရေတို့သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ ရောက်တဲ့အခါ ရှေးအမည်များ ဟောင်းကိုပျောက်၍ မဟာသမုဒ္ဒရာ ဆိုတဲ့အမည်ရသလို အမျိုးလေးပါးတို့မှ ရောက်လာ၍ သာသနာတော်တွင်းသို့ ၀င်ရောက်လာကြသော ရဟန်းတော်များသည်လည်း သာကီ နွယ်ဖွား ဘုရား သားတော်တည်းဟူသော အမည်တစ်ခုတည်းသာဖြစ်တယ်ဆိုတာ သာသနာတော်ရဲ့ အံ့ဖွယ်တစ်ပါး ဖြစ်ပါတယ်။ ဒါတွေကို နှလုံးမူ၍ နောင်တစ်ချိန် ခေါင်းဆောင်တွေ ဖြစ်လာကြမည့် ညီတော် နောင်တော်များ အနေနဲ့ မျက်စိကို မြင်နိုင်သမျှ ဖွင့် နားကို ကြားနိုင်သမျှ စွင့်လျက် မိမိရဲ့ဘာသာ သာသနာ တိုင်းပြည် နှင့်လူမျိုးအတွက် သာမက လူသားအားလုံး ငြိမ်းချမ်းစွာ အတူ လက်တွဲ နေနိုင်ရေးဆိုတဲ့ လောကအတွက်ပါ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင် ကျဉ်းမြောင်းတဲ့ အယူအဆ အတွေးအခေါ် များကို ပယ်ဖျောက်ကာ ကျယ်ပြန့်သော အမြင်၊ နက်နဲသော အတွေးအခေါ်များကို ခေါင်းထဲမှာ ထည့်ထားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။
ဆရာတော်၏ သက်တော် (၇၀)ပြည့်နှစ် မွေးနေ့ကို ဂုဏ်ပြု ပူဇော်ပါသည်။

တပည့်-သဇ္ဇန (B.H.U.)


ဆက်ဖတ်ပါဦး....

ရှာမှရှား ဆရာပီသသည့် ဆရာသမား

ပင်းယခေတ်ပေါ် အကျော်ဒေယျ “လောကနီတိ” ၊ အဘိဓာန၊ ပဒီပိကာ၊ ဋီကာ” ကျမ်းပြု၊ စတုရင်္ဂ၊ ဗလ” အမတ်၊ လေးမြတ်ဝပ်စင်း၊ ဆူးတွင်းပစ် ခေါ်၊ ဆရာတော်ထံ၊ လျှောက်ပန်သည့်စာ၊ စာနာချင့်ထောက်၊ “မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့ဖြင့်”၊ လျှောက်လင့်ဥပမာ၊ ကျွန်ုပ်မှာလည်း၊ မြန်မာမဆံ့၊ ကမ္ဘာနှံ့အောင်၊ သင်းပျံ့ဂုဏ်စိုင်၊ ဘက်ပြိုင်မပြူ၊ “သီတဂူထေရ၊ ဉာဏမိုးကြွယ်”၊ ခုနှစ်ဆယ်ပြည့်၊ ၀ိဇာတမင်္ဂလာ၊ အခါချိန်ကောင်း၊ တပေါင်းလပြည့်၊ တိထိပုဏ္ဏာ၊ ရက်မြတ်စွာဝယ်၊ ဂုဏာဘိတ္ထ၀၊ စာလွှာသçဖို့၊ စိတ်မှအတွေး၊ မရေးဝံ့ဝံ့၊ ရေးဝံ့ဝံ့ဖြင့်၊ တွေးချင့်သင့်ရာ၊ ရေးမိပါသည်၊ ဆရာကြိုက်မှ၊ ကြိုက်အံ့လော....။
မစို့မပို့၊ ဉာဏ်နို့စို့မို့၊ ကို့ယို့ကားရား၊ မြင်ရငြားသော်၊ စိတ်ထားဖြူစင်၊ သူတော်စင်တို့၊ ကြင်နာသနား၊ ကိုယ့်စာသားသို့၊ စိတ်ထားကြည်ဖြူ၊ ဖတ်တော်မူလော့....။
မျက်မှောက်ခေတ် မြန်မာ့သာသနာတွင် သီတဂူဆရာတော် လောက် စွမ်းဆောင်နိုင်သော သာသနာပြု ပုဂ္ဂိုလ်ရှိအံ့မထင်။ ထိုစကား မှန်၏။ သီတဂူဆရာတော်သည် အများသူငါ မစွမ်းဆောင်နိုင်သော သာသနာပြု လုပ်ငန်းကြီးများကို ဆောင်ရွက်တော်မူနိုင်ပါပေ၏။ ယင်းသာသနာပြု လုပ်ငန်းကြီးတို့ကား- ဆရာတော်သည် စစ်ကိုင်းတောင်ရိုး၌ သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်တော်မူ၍ အနိမ့်ဆုံး “ဓမ္မာစရိယဘွဲ့ရ”ပုဂ္ဂိုလ်များကို လက်ခံကာ အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းများ B.A, M.A အတန်းများကို ကိုယ်တိုင်ဦးဆောင်၍ သင်တန်းများ ပို့ချတော်မူပါသည်။ အင်္ဂလိပ်စာ ထူးချွန်သော တပည့်များကိုလည်း အမေရိကန်, အင်္ဂလန်, အိန္ဒိယ, သီရိလင်္ကာနိုင်ငံများသို့ ပို့လွှတ်ပြီး M.A, Ph-D ဘွဲ့များ ရယူစေပါသည်။ “တောင်စစ်ကိုင်း၊ ချောင်တိုင်းဝေမည်” ဟူသော ကြွေးကြော်သံဖြင့် စစ်ကိုင်းတစ်တောင်လုံးရှိ ရဟန်း, သာမဏေ, သူတော်, သီလရှင်များ သီတင်းသုံးရာ ချောင်ပေါင်းများစွာကိုလည်း ရေအလှူပေးလှူတော်မူပါသည်။
မလွန်ဓမ္မကထိကတာဝန်ဖြင့် စစ်ကိုင်း, မင်းကွန်း, မင်းဝံ တောင်တန်းကြီးသုံးသွယ်ရှိ တောကျောင်း တောင်ကျောင်း သီတင်းသုံးတော်မူကြသည့် သူတော်စင်အပေါင်းတို့ကိုလည်း မဟာတဏ္ဍုလ သံဃိကဒါန ဆွမ်းဆန်တော်များကိုလည်း ပေးလှူတော်မူပါသည်။
ဆရာတော်ဘုရား၏ ဂုဏ်ရည်တို့ကို အသေးစိတ်ခြယ်မှုန်းပါက-“တစ်ကမ္ဘာလျှင်၊ မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊ ဆန်းနေဂိုဏ်းညီ၊ ဂါထာသီ၍၊ ကျုးချီမြွက်ဖော်၊ ဆိုလှည့်သော်လည်း၊ ဘုန်းတော်ကဲဝှန်၊ အနေကန်ကို၊ ဝေဘန်ခြီးမြှောက်၊ ပြီးမရောက်လိမ့်”။ ဟူသော စလေ ဆရာဦးပုည၏ ရတနာနဒီ မော်ကွန်းကဲ့သို့ စကြ၀ဠာ ကမ္ဘာ တစ်ဝှမ်းရှိ မဟာဗြဟ္မာကြီးတို့၏ လျှာကုဋေကုဋာဖြင့် သီတဂူ ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာ ဂုဏ်ရည်တို့ကို ဆန်းဂိုဏ်းကိုက်ညီ ကဗျာလင်္ကာ ဂါထာစီ၍ သီကျူးကြပါသော်လည်း ဂုဏ်တော်တို့ကို ပုံဖော်နိုင်စွမ်း မရှိကြပါဘုရား။ ချီးကျူးမကုန်နိုင်သော ဆရာတော်၏ ဂုဏ်ရည်အနန္တတို့တွင် တစ်စိတ်တစ်ဒေသ, အာစရိယ ဂုဏ်ရည်များကို ပိဋကတ်တော်မှ ဉာဏ်မီသမျှ ထုတ်ပြရသော် သီတဂူဆရာတော်သည် “ဆရာပီသသည့် ဆရာသမား” ဖြစ်ပါသည်။ သိဿာနံ ဟိတံ အာစရတီတိ အာစရိယော= ဟူသော ၀စနတ္ထနှင့်အညီ တပည့်တို့၏ အကျိုးစီးပွါးကို ဆောင်တတ်သောကြောင့်လည်းကောင်း၊ မဃဒေ၀လင်္ကာသစ်မှ “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့”ဟူသော စာပိုဒ်နှင့်အညီ အပြစ် အားလျော်စွာ ကန်မြစ်ဆုံးမတတ်သောကြောင့် ဆရာ့ဂုဏ်ရည်နှင့်စုံညီ ပြည့်ဝတော်မူပါပေ၏။ ဒီဃနိကာယ်၊ သုတ်ပါထိက သိင်္ဂါလသုတ် ပါဠိတော်၌ လာရှိသော အောက်ပါဆရာ့ဂုဏ်အင်္ဂါတို့တွင်-
(၁)သုဂ္ဂဟိတံ ဂါဟာပေန္တိ၊ (အတတ&#